စားနပ်ရိက္ခာထောက်ပံ့မှု ခံစားခွင့်ရမည့် အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းကို ဆယ်အိမ်မှူးများထံမှ စာရင်းအား အခြေခံ စိစစ်ရယူ

စားနပ်ရိက္ခာထောက်ပံ့မှု ခံစားခွင့်ရမည့် အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းကို ဆယ်အိမ်မှူးများထံမှ စာရင်းအား အခြေခံ စိစစ်ရယူ
ဧပြီ 7, 2020
By Tachileik News Agency
စားနပ်ရိက္ခာထောက်ပံ့မှု ခံစားခွင့်ရမည့် အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းကို ဆယ်အိမ်မှူးများထံမှ စာရင်းအား အခြေခံ စိစစ်ရယူ

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရန်အတွက် တာချီလိတ်မြို့နယ်အတွင်း စာရင်းကောက်ယူခြင်းကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ ညနေ (၅)နာရီတွင် အပြီးအစီးကောက်ယူနေကြောင်း သိရသည်။

သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စာရင်းကောက်ယူနေကြပါပြီ။ ဒီနေ့ ညနေ (၅)နာရီအပြီး စာရင်းပို့ကြလိမ့်မယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈)ပြည်၊ ဆီ (၅၀)သား၊ ဆား (၅၀)သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာစီကို ဧပြီလ (၁၀)ရက်နေ့မှစ၍ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

စားနပ်ရိက္ခာထောက်ပံ့မှု ခံစားခွင့်ရမည့် သူစာရင်းကို ကောက်ယူရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဆယ်အိမ်မှူးများထံမှ တင်ပြလာသည့် စာရင်းကိုအခြေခံ၍ ရပ်ကွက်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ပြန်လည်စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆယ်အိမ်မှူးတွေက သူတို့နေရာအလိုက် ဘယ်အိမ်က ဘယ်လိုအခြေအနေရှိတယ်ဆိုတာ သိကြတယ်။ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ တင်လာတဲ့စာရင်းကိုမှ ကျွန်တော်တို့က ပြန်စိစစ်ပြီး ကိုယ့်ရပ်ကွက်မှာ အလုပ်လက်မဲ့မိသားစုတွေ စာရင်းပို့မှာပါ

ဟု တာချီလိတ်မြို့ပေါ်ရပ်ကွက်မှ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

စားနပ်ရိက္ခာပံ့ပိုးမှု ခံစားခွင့်ရှိသူများမှာ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများဟု ဖေါ်ပြထားသဖြင့် ဆယ်အိမ်မှူးများ၏ စာရင်းကိုသာ အဓိကအခြေခံရယူနေကြောင်း သိရသည်။

ဆယ်အိမ်မှူးတွေနဲ့ ရာအိမ်မှူးတွေနဲ့ ဝိုင်းပြီးတော့ စာရင်းကောက်နေကြတယ်။ အခက်အခဲကတော့ အခုထိ ဘာမှ မရှိသေးပါဘူး

ဟု တာချီလိတ်မြို့ရှိ ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအားဆော်က ပြောသည်။

စားနပ်ရိက္ခာထောက်ပံ့မှုကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားမိသားစုများအား အစိုးရက စားနပ်ရိက္ခာ ထောက်ပံ့ခြင်းနှင့် ဧပြီလအတွက် အိမ်သုံးလျှပ်စစ်မီတာများကို ယူနစ် (၁၅၀)အထိ အခမဲ့အသုံးပြုခွင့်ပေးလာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

ဆက်စပ်သတင်း
အခြေခံလူတန်းစား အိမ်ထောင်စုများအား စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် အိမ်သုံးမီတာ ယူနစ် (၁၅၀)အထိ အခမဲ့အသုံးပြုခွင့် ဧပြီလအတွင်း နိုင်ငံတော်က ပေးသွားမည်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~