ဆားဘီးယားနိုင်ငံ ဘဲလ်ဂိတ်မြို့ရှိ စာသင်ကျောင်းတွင် ဆယ်ကျော်သက် ယောက်ျားလေးက ပစ်ခတ်မှုကြောင့်  (၉) ဦး သေဆုံး

ဆားဘီးယားနိုင်ငံ ဘဲလ်ဂိတ်မြို့ရှိ စာသင်ကျောင်းတွင် ဆယ်ကျော်သက် ယောက်ျားလေးက ပစ်ခတ်မှုကြောင့်  (၉) ဦး သေဆုံး
By Mr John

ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် အသက် (၁၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အတန်းဖော် (၈) ဦးနှင့် လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့ပြီး ကြိုတင်စီစဥ်ထားသည့် တိုက်ခိုက်မှုအတွင်း အခြား လူ (၇) ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရအရာရှိများက ပြောသည်။ 

အဆိုပါ ယောက်ျားလေးက ဖခင်ဖြစ်သူ၏ သေနတ်ဖြင့် လုံခြုံရေးအစောင့်ကို ပထမဆုံး ပစ်ခတ်ခဲ့ပြီး လျှောက်လမ်းတွင်ရှိနေသည့် မိန်းကလေး (၃) ဦးကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သမိုင်းစာသင်ခန်းအတွင်း ဝင်ရောက်သွားပြီး ဆရာမနှင့် အတန်းဖော်များကို ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

မေလ (၃) ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း ဒဏ်ရာရသည့် ဆရာမနှင့် ကျောင်းသူ/ကျောင်းသား (၆) ဦးကို ဆေးရုံတင်ထားပြီး အချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။ 

ပစ်ခတ်ခဲ့သည့် Grade 7 ကျောင်းသားက ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခေါ်ပြီး ပစ်ခတ်မှုကိုဝန်ခံခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးထားကြောင်း သိရသည်။ 

ပစ်ခတ်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

ကျောင်းအတွင်း ပစ်ခတ်ခဲ့သည့် ယောက်ျားလေးထံတွင် သေနတ် (၂) လက်နှင့် ဓာတ်ဆီပုလင်ဗုံး (၂) ခု တွေ့ရှိခဲ့ရကြောင်းနှင့် အားလုံးကို ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဘဲလ်ဂရိတ်ရဲတပ်ဖွဲ့ အကြီးအကဲ Veselin Milic က ဆိုသည်။ 

"သူ့ဆီမှာ သူ သတ်ချင်ခဲ့တဲ့ ကလေးတွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ အခန်းအမည်တွေတောင် ရှိခဲ့တယ်" ဟု ရဲတပ်ဖွဲ့အကြီးအကဲက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

Source: Reuters