လာအိုနိုင်ငံဖက်တွင် ဒုက္ခရောက်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မဲခေါင်မြစ်ကမ်းမှတစ်ဆင့် နေရပ်ပြန်ရန် ကြိုးစားရင်း မြစ်ကမ်းတွင် သောင်တင်နေ

လာအိုနိုင်ငံဖက်တွင် ဒုက္ခရောက်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မဲခေါင်မြစ်ကမ်းမှတစ်ဆင့် နေရပ်ပြန်ရန် ကြိုးစားရင်း မြစ်ကမ်းတွင် သောင်တင်နေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့ နံနက်ပိုင်းကတည်း မဲခေါင်မြစ်တစ်ဖက်ကမ်းမှ မြန်မာဘက်သို့ ပြန်လာရန်ကြိုးစားရင်း ည (၈)နာရီကျော်သည်အထိ မဲခေါင်မြစ်ကမ်းဘေးတွင် မိုးရွာထဲ သောင်တင်နေကြဆဲဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်ဖို့ စာရင်းပေးတာလည်း အကြိမ်ကြိမ် မပြန်ရသေးဘူး။ ရွာကိုလည်း လော့ဒေါင်းလုပ်ထားတော့ အလုပ် မလုပ်ရတာ သုံးလရှိနေပြီ။ ရွာကလူတွေကို ကိုဗစ် စစ်တယ်ဆိုပြီး Quarantine တွေပို့တယ်။ ပြီးတော့ ရွာထဲကနေလည်း ပြောင်းခိုင်းနေတယ်။ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ နေလို့ မရတော့ပါဘူး။ ငတ်နေပါပြီ။ ဒုက္ခတွေရောက်လွန်းလို့ မြန်မာဘက်ပြန်ချင်တာ။ မနက်က လမ်းလျှောက်လာကြတဲ့အဖွဲ့ အခု မိုးရွာထဲစောင့်နေကြတုန်းပဲ။

ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၂)ရက်နေ့ ည(၈)နာရီတွင် ပြောသည်။

လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ဒုက္ခရောက်နေသဖြင့် နေရပ်ပြန်ရန် လွန်ခဲ့သည့် (၆)လကျော်ကတည်းက အကြိမ်ကြိမ်နေရပ်ပြန် စာရင်းပေးထားခဲ့ကြသော်လည်း လက်ရှိအချိန်ထိ ပြန်ခွင့်မရကြသေးသည့်အပြင် စားဝတ်နေရေးပါ အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။

တာချီလိတ်ခရိုင် ဝမ်ပုံဆိပ်ကမ်းဘက်မှနေ၍ တစ်ဖက်နိုင်ငံ လာအိုရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်သို့ သွားရောက်အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ ရခိုင်(မြန်မာ)ရွာကို COVID 19 ကာကွယ်ရေးအတွက်ဟုဆို လွန်ခဲ့သည့် (၃) လကျော်ကတည်းက အထူးစီးပွားရေးဇုန်ဖေါ်ဆောင်နေသည့် တရုတ်ကုမ္ပဏီက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မြန်မာရွှေ့ပြောင်းလုပ်သားများအား COVID 19 စစ်ဆေးသည်ဟုဆိုကာ စစ်ဆေးမှုရလဒ်များကို အသိမပေးဘဲ quarantine များသို့ မိသားစု တကွဲတပြား ပို့ခံရသည့်အပြင် quarantine သတ်မှတ်ရက်လည်းမရှိဘဲ အချို့မှာ နှစ်လဝန်းကျင်အထိ မပြန်ရသေးသူများလည်းရှိနေကြောင်း သိရသည်။

ကုမ္ပဏီက ဇူလိုင်လ (၂၀) ရက်နေ့မှစ၍ ကျေးရွာအတွင်းမှ နေအိမ်များကို ယာယီနေအိမ်များသို့ ထပ်မံရွှေ့ခိုင်းနေသဖြင့် မြန်မာလုပ်သားများမှာ နေထိုင်ရေးအခက်အခဲပါဖြစ်လာကာ ဇူလိုင်လ (၂၂) ရက်နေ့ နံနက်ပိုင်း၌ မြန်မာဘက်ပြန်နိုင်ရေးအတွက် မဲခေါင်မြစ်ကမ်းအထိ လမ်းလျှောက်လာကြကာ မြစ်ကမ်းတွင် စောင့်ဆိုင်းနေကြကြောင်း သိရသည်။

လက်ရှိတွင် မဲခေါင်မြစ်ရေမှာ မြင့်တက်နေပြီး စိုးရိမ်ရေမှတ်ကို စောင့်ကြည့်နေရသည့်အခြေအနေဖြစ်သည့်အပြင် မိုးလည်းရွာနေသဖြင့် မြစ်ကမ်းဘေးမှ မြန်မာလုပ်သားများအတွက် ရာသီဥတုဘေးနှင့် လုံခြုံရေးအတွက် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်။