လျှပ်စစ်မီတာခ အကြွေးများ မပေးနိုင်တာကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဈေးဝယ်စင်တာ ရုတ်တရက် ပိတ်

လျှပ်စစ်မီတာခ အကြွေးများ မပေးနိုင်တာကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဈေးဝယ်စင်တာ ရုတ်တရက် ပိတ်
By Mr John

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဈေးဝယ်စင်တာကြီးတစ်ခုက COVID-19 စီးပွားရေးဆိုးကျိုး သက်ရောက်မှုကြောင့် ရုတ်တရက် ပိတ်လိုက်ရာ ဆိုင်နှင့်လုပ်ငန်းနေရာ ငှားရမ်းလုပ်ကိုင်နေသူများနှင့် ဝန်ထမ်းများ အံ့ဩတုန်လှုပ်ခဲ့ကြရသည်ဟု ဆိုသည်။

ချင်းမိုင်မြို့ရှိ Promenada ဈေးဝယ်စင်တာမှာ လျှပ်စစ်မီတာခ ထိုင်းဘတ်ငွေ သန်း (၂၀) ကျော် (အမေရိကန်ဒေါ်လာ ၅၈၀,၀၀၀) အကြွေးပေးရန်ရှိနေကြောင်း ချင်းမိုင်အခြေစိုက် CityNews သတင်းဌာနက ဖော်ပြသည်။



Promenada စီမံခန့်ခွဲမှုကုမ္ပဏီက လျှပ်စစ်မီတာခများ မပေးနိုင်တာကြောင့် ဈေးဝယ်စင်တာကို ချက်ချင်းပိတ်ရန် ရွေးချယ်ခဲ့ရကြောင်း ပြောခဲ့သည်။

Promenada ဈေးဝယ်စင်တာက နေရာငှားရမ်းထားသူများနှင့် စတိုးဆိုင်များကို ချက်ချင်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း တရားဝင် အသိပေးစာတစ်စောင် ပေးပို့ခဲ့သည်။

ရုတ်တရက် ဈေးဝယ်စင်တာ ပိတ်လိုက်ကြောင်း သိရှိရသည့် စတိုးဆိုင်ဝန်ထမ်းတိုင်းမှာ အံ့ဩတုန်လှုပ်သွားခဲ့ကြကြောင်း မီဒီယာများက ပြောသည်။



၎င်းတို့မှာ ကြိုတင်သတိပေးမှု မရရှိခဲ့ရာ ဆိုင်များကိုပင် ပုံမှန်အတိုင်း ဖွင့်ခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် အချိန်ခဏအတွင်း လျှပ်စစ်မီးပျက်တောက်မည်ဖြစ်၍ တစ်ဆိုင်ချင်းစီကို ပစ္စည်းရွှေ့ပြီး ချက်ချင်းပိတ်ရန် Promenada ဈေးဝယ်စင်တာ ကိုယ်စားလှယ်များက ပြောခဲ့သည်။

ကပ်ရောဂါကြောင့် လုပ်ငန်းများ အပြင်းအထန် ထိခိုက်ဆုံးရှုံးမှုရှိခဲ့ကြောင်း ဈေးဝယ်စင်တာ စီမံခန့်ခွဲမှုကုမ္ပဏီ ECC Chiang Mai Company က ဆိုသည်။



ကုမ္ပဏီအနေဖြင့် (၂) နှစ်အတွင်း ကောင်းစွာစီမံခန့်ခွဲရန် ကြိုးပမ်းခဲ့ကြောင်းလည်း ပြောသည်။

သို့သော် ဆိုင်နှင့်လုပ်ငန်းနေရာ ငှားရမ်းလုပ်ကိုင်နေကြ အများအပြားကတော့ ကုမ္ပဏီ၏ စီမံခန့်ခွဲမှု မှားယွင်းကြောင်း ပြစ်တင်ပြောဆိုကြသည်။

Promenada ဈေးဝယ်စင်တာက ငှားရမ်းခ လျှော့ချခြင်း သို့မဟုတ် အချို့လများအတွက် ငှားရမ်းခမယူခြင်းတို့ဖြင့် ငှားရမ်းသူတစ်ဦးချင်းစီကို ထိန်းထားရန်ကြိုးပမ်းခဲ့သည်ဟု ECC Chiang Mai ကုမ္ပဏီ၏ ကိုယ်စားလှယ်က ဆိုသည်။

ယခုအခြေအနေအတွက် စိတ်မကောင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်း ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည် မိတ်ဖက်အားလုံးကို ကျေးဇူးတင်ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်တွင် ပြောခဲ့သည်။



Khaosod News တွင် ဖော်ပြမှုအရ အဆိုပါ ဈေးဝယ်စင်တာမှာ လအများအပြားအတွက် လျှပ်စစ်မီတာခများ မပေးဆောင်နိုင်ခဲ့ကြောင်းနှင့် မီတာခကြွေးကျန် ထိုင်းဘတ်ငွေ သန်း (၂၀) နီးပါရှိကြောင်း သိရသည်။

Promenada ဈေးဝယ်စင်တာ၏ ဧပြီလအတွက် မီတာခမှာ ဘတ် (၅) သန်းဖြစ်ပြီး Provincial Electricity Authority ထံမှ အရေးပေါ် နောက်ဆုံးသတ်မှတ်ရက် ကို ရင်ဆိုင်နေခဲ့ရသည်ဟု ဆိုသည်။



Source: Chaing Rai Times