တာချီလိတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း (၃၄၈)ဦး ကိုဗစ်ကာကွယ်ဆေး နှစ်ရက်ခွဲထိုး

တာချီလိတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း (၃၄၈)ဦး ကိုဗစ်ကာကွယ်ဆေး နှစ်ရက်ခွဲထိုး
ဇန်နဝါရီ 27, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဌာနတို့တွင် တာဝန် ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း (၃၄၈) ဦးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့  နံနက်ပိုင်းကစ၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေပြီး လူစုလူဝေး မဖြစ်စေရန် နှစ်ရက်ခွဲ၍ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ 



တာချီလိတ်မြို့နယ်အတွင်းမှ ကျန်းမာရေးဝန်ထမ်းနှင့် ဗော်လံတီယာများစာရင်းကို ပေးပို့ထားခြင်းဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်းများအတွက်သာ ကာကွယ်ဆေးခွဲတမ်းရရှိသဖြင့် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။



 ပြီးခဲ့တဲ့ရက်ပိုင်းလေးမှာကို ဗော်လံတီယာတွေကို စာရင်းပေးပါဆိုလို့ ပေးလိုက်တယ်။ ဒါပေမဲ့ အခုက မပါသေးဘူးလို့ ပြောတယ်။ ဒါကတော့ သူတို့ ဆေးခွဲတမ်းရရှိမှုအပေါ်မူတည်ပြီး ချန်လိုက်ရတယ် ထင်ပါတယ်။ ဒီအချိန်မှာတော့ ပြောရရင် နည်းနည်းလေး အကဲခတ်တဲ့ အခြေအနေမှာရှိတယ်။ ဥပမာပြောရရင် ကျွန်တော်တို့မြို့နယ်မှာဆို လူနာဦးရေက (၁၀၀) ကျော်သွားတယ်။ ဒါကို ဒီမြို့နယ်ကကြည့်မယ်ဆိုရင် တော်တော်များတဲ့ ပမာဏပေါ့နော်။ ဦးစားပေးရမယ့် မြို့နယ်အဖြစ် သတ်မှတ်စေချင်တာရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူး။ အခုဆိုရင် ကျွန်တော်တို့ ဆေးရုံတက်လူနာတစ်ယောက်မှ မရှိတော့ဘူး။ တစ်ချို့မြို့နယ်တွေမှာဆို အခုချိန်ထိ အတည်ပြုလူနာတွေ နေ့စဉ်တိုးနေတုန်းပဲ။ သေနှုန်းလည်းများနေတယ်။ ကျွန်တော်ထင်တယ် အဲဒီလိုမြို့နယ်က လူတွေက ဦးစားပေးဖြစ်လာမယ်လို့ ထင်တယ်

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



အိန္ဒိယနိုင်ငံက လက်ဆောင်အဖြစ်ပေးပို့လာသည့် COVID –SHIELD (AstraZeneca) ကာကွယ်ဆေးအလုံးရေ (၁) သန်းခွဲဖြင့် ကိုဗစ်ရောဂါကုသထိန်းချုပ်ရေး လုပ်ဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးနေခြင်းဖြစ်သည်။



သင်တန်းပေးထားသည့် ကာကွယ်ဆေးထိုးအဖွဲ့ဖြင့် COVID ကာကွယ်ဆေးအသစ်အား စတင်ထိုးနှံပေးနေခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးသူများ ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပါက ကုသပေးမည့်အဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။