PNO နယ်မြေခံခေါင်းဆောင်နေအိမ်ကို ဖယ်ခုံ PDF ဝင်စီးရာ ပြန်လည်ခုခံသဖြင့် PNO ခေါင်းဆောင် သေဆုံး

PNO နယ်မြေခံခေါင်းဆောင်နေအိမ်ကို ဖယ်ခုံ PDF ဝင်စီးရာ ပြန်လည်ခုခံသဖြင့် PNO ခေါင်းဆောင် သေဆုံး
စက်တင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နန့်တုတ်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နယ်မြေခံခေါင်းဆောင်နေအိမ်အား ဖယ်ခုံ PDFက ဝင်ရောက်စီးနင်းရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခံရပြီး PNO နယ်မြေခံခေါင်းဆောင် သေဆုံးသွားကြောင်း သိရသည်။

နန့်တုတ်ကျေးရွာရှိ PNO နယ်မြေခံခေါင်းဆောင် အယ်ဝေး၏နေအိမ်ကို PEKHON PDF-2 (B-၁၀၀၆) ခွဲ(၁)က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့က ဝင်စီးခဲ့ရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်မှုဖြစ်ပြီး PNO ခေါင်းဆောင် အယ်ဝေး သေဆုံးသွားခြင်းဖြစ်ကြောင်း ဖယ်ခုံ PDF က ယနေ့ စက်တင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုအပြီး အယ်ဝေးကိုင်ဆောင်သည့် ပစ္စတိုတစ်လက်၊ ၉ မမ ကျည်အနည်းငယ်နှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် လက်ပစ်ဗုံးတစ်လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

“စစ်ကောင်စီနဲ့ပေါင်းပြီး ဆောင်နမ့်ခဲ့ရွာပေါ်မှာ တပ်စွဲထားတာတွေ၊ စစ်ကောင်စီကို စစ်ကူတာတွေကြောင့်ပါ။ ဝင်စီးတော့ အယ်ဝေးအိမ်မှာပဲ ပစ်ခတ်မှုဖြစ်တာပါ။ ဖြစ်ပြီးနောက်ပိုင်းတော့ ဘာမှတော့ ထပ်မကြားဘူးဗျ။”ဟု ဖယ်ခုံ PDF(၂) တပ်ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။

ဩဂုတ်လ (၂၀)ရက်နေ့တွင်လည်း ပင်လောင်းမြိုနယ်၊ နန့်ဖာမူရွာရှိ PNO နယ်မြေခံခေါင်းဆောင် မောင်ဝင်း နေအိမ်ကို ဖယ်ခုံ PDF က ဝင်ရောက်စီးနင်းခဲ့ရာ မောင်ဝင်းသည် အစည်းဝေးသွားနေခြင်းကြောင့် လွတ်မြောက်သွားခဲ့ပြီး ၎င်း၏နေအိမ်အတွင်းမှ ကျည်တောင့်(၄၀၀)ကျော်နှင့် ငွေကျပ်သိန်း(၉၀)ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

PNO အဖွဲ့သည် ၁၉၉၀ အစောပိုင်းနှစ်ကတည်းက စစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရပ်တည်နေကာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း တော်လှန်ရေးတပ်များကို စစ်ကောင်စီတပ်များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်အတွက် တပ်သားစုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။

#TachileikNewsAgency