မြန်မာနယ်စပ်မှ စိတ်ကြွဆေးပြား (၂)သိန်းခွဲကျော်သယ်လာသည့် လူငယ်နှစ်ဦးကို ချင်းမိုင်ခရိုင်အတွင်း ဖမ်းမိ

Photo: MAESAIPRESS
Photo: MAESAIPRESS
မြန်မာနယ်စပ်မှ စိတ်ကြွဆေးပြား (၂)သိန်းခွဲကျော်သယ်လာသည့် လူငယ်နှစ်ဦးကို ချင်းမိုင်ခရိုင်အတွင်း ဖမ်းမိ
သြဂုတ် 14, 2021 | နိုင်ငံတကာသတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် နယ်စပ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းဒေသတွင် မြန်မာဘက်မှ စိတ်ကြွရူးသွပ်ဆေးပြား (၂) သိန်းခွဲကျော်ကို သယ်ဆောင်လာသည့်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့ နံနက်အစောပိုင်းတွင် အပြန်အလှန်ပစ်ခတ်ဖမ်းဆီးရမိထားသည်ဟု သိရသည်။

နယ်စပ်မျဉ်းမှ (၂) ကီလိုမီတာအကွာ နယ်စပ်ကင်းလှည့်နေသည့်အဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် တောလမ်းအတိုင်း လမ်းလျှောက်လာသည့် အမျိုးသား (၃) ဦးတွေ့ရသဖြင့် ရှာဖွေရန် ရပ်တန့်ခိုင်းစဉ် အဆိုပါအဖွဲ့က စတင်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ထိုင်းနယ်စပ်လှည့်ကင်းအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု (၅) မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်နေရာအား ရှာဖွေရာ တောထဲပုန်းနေသည့် လားဟူလူငယ် (၂) ဦးကို အထုပ် (၂) ထုပ်နှင့်အတူ ထိုင်းနယ်စပ်လှည့်ကင်းအဖွဲ့က တွေ့ရှိသွားသည်ဟု သိရသည်။

အဆိုပါ အထုပ် (၂) ထုပ်အတွင်း၌ ၉၉၉ တံဆိပ်ရိုက်နှိပ်ထားသည့်စက္ကူများဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၂၅၂၄၀၀)ပြားကို စစ်ဆေးတွေ့ရသည်ဟု သိရသည်။ ဖမ်းဆီးရမိသည့် လားဟူလူငယ်နှစ်ဦးမှာ အသက် (၁၇) နှစ်ဝန်းကျင်များဖြစ်ကြပြီး နယ်စပ်မှ မူးယစ်ဆေးသယ်ရန် တစ်ဦးလျှင် ဘတ် (၅၀၀၀)နှုန်းဖြင့် ငှားရမ်းခံရသူများဖြစ်သည်ဟု သိရသည်။

ဆက်စပ်သူများအား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။