မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲ စီစဥ်သည့် Miss Universe Organization ကို ထိုင်းစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးက ဝယ်ယူ

မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲ စီစဥ်သည့် Miss Universe Organization ကို ထိုင်းစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးက ဝယ်ယူ
အောက်တိုဘာ 27, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံမှ ထင်ရှားကျော်ကြားသည့် မီဒီယာလုပ်ငန်းရှင်နှင့် လိင်ပြောင်းသူများအခွင့်အရေး အားပေးထောက်ခံသူ အမျိုးသမီးက မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲကို စီစဥ်ကျင်းပနေသော Miss Universe Organization ကို ဝယ်ယူလိုက်ကြောင်းနှင့် အလှမယ်ရွေးပွဲ စီစဥ်သည့်ကုမ္ပဏီကို အမျိုးသမီးတစ်ဦးက ပထမဆုံးအကြိမ် ပိုင်ဆိုင်လာမည်ဟု သူမ၏ ကုမ္ပဏီက ပြောသည်။

JKN Global Group ၏ အမှုဆောင်အရာရှိချုပ် Jakapong "Anne" Jakrajutatip က IMG Worldwide ကုမ္ပဏီထံမှ Miss Universe Organization ကို အမေရိကန်ဒေါ်လာ (၁၄) သန်းဖြင့် ဝယ်ယူလိုက်သည်ဟု အောက်တိုဘာလ (၂၆) ရက်တွင် ပြောကြောင်း Bangkok Post သတင်းက ဖော်ပြသည်။ 

Reuters သတင်းကမူ ထိုင်းအမျိုးသမီး Jakapong က Miss Universe Organization ကို ဒေါ်လာ သန်း (၂၀) ဖြင့် ဝယ်ယူလိုက်သည်ဟု ဆိုသည်။

Miss Universe Organization ကို ဝယ်ယူလိုက်သည့် Jakapong က ထိုင်းနိုင်ငံတွင် ထင်ရှားကျော်ကြားသူဖြစ်ပြီး ပြည်တွင်း reality show များဖြစ်သည့် Project Runway နှင့် Shark Tank တို့တွင် ပါဝင်သရုပ်ဆောင်နေသည်။ 

လိင်ပြောင်းလဲသူများအခွင့်အရေး အားပေးထောက်ခံသူ Jakapong ကလည်း လိင်ပြောင်းလဲထားသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖြစ်သည်။

Jakapong က လိင်ပြောင်းလဲသူတစ်ဦးအဖြစ် သူမ၏ အတွေ့အကြုံများကို ထုတ်ဖော်ပြောလေ့ရှိပြီး လိင်ပြောင်းလဲသူများ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ရရှိရေးအတွက် Life Inspired For Thailand Foundation ကို တည်ထောင်ထားသည်။ 

သူမ၏ကုမ္ပဏီ JKN က ကိုယ်ပိုင်တီဗီရှိုးများ ထုတ်လုပ်နေပြီး မှတ်တမ်းရုပ်ရှင်များနှင့် ဘောလိဝုဒ်ဇာတ်လမ်းတွဲများကိုလည်း ထိုင်းနိုင်ငံတွင် ဖြန့်ချိနေသည်။

Miss Universe Organization ကို ဝယ်ယူလိုက်သည့် သတင်းနှင့်အတူ JKN ၏ အောက်တိုဘာလ (၂၆) ရက် အစောပိုင်း ရှယ်ယာဈေးနှုန်းမှာ (၁၀) ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ကြောင်းလည်း သိရသည်။ 

နှစ်စဥ် အလှမယ်ပြိုင်ပွဲ ကျင်းပပြုလုပ်သည့် Miss Universe Organization ကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၁၉၉၆ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း ပိုင်ဆိုင်ခဲ့သည်။ 

Miss Universe အလှမယ်ပြိုင်ပွဲကို နိုင်ငံပေါင်း (၁၆၅) နိုင်ငံတွင် ထုတ်လွှင့်ပြသပြီး ပြိုင်ပွဲသက်တမ်းမှာ (၇၁) နှစ်ရှိပြီ ဖြစ်သည်။

Source: Bangkok Post, Reuters