စီးပွားရေးအကျပ်ဆိုက်နေသည့် ပါကစ္စတန်နိုင်ငံတွင် လျှပ်စစ် ချွေတာရေးအတွက်  ဈေးဝယ်စင်တာများ၊ ဆိုင်များ အချိန်စောပိတ်ရန် ညွှန်ကြား

စီးပွားရေးအကျပ်ဆိုက်နေသည့် ပါကစ္စတန်နိုင်ငံတွင် လျှပ်စစ် ချွေတာရေးအတွက်  ဈေးဝယ်စင်တာများ၊ ဆိုင်များ အချိန်စောပိတ်ရန် ညွှန်ကြား
ဇန်နဝါရီ 6, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးအကျပ်အတည်း လျော့ကျသက်သာစေရန် ရည်ရွယ်ထားသည့် စွမ်းအင်သုံးစွဲမှု ချွေတာရေး အစီအစဥ်သစ်အရ ဈေးဝယ်စင်တာများနှင့် ဈေးများကို ည (၈) နာရီခွဲတွင် ပိတ်ရန် အာဏာပိုင်များက ဇန်နဝါရီလ (၄) ရက်နေ့တွင် ညွှန်ကြားလိုက်ကြောင်း သိရသည်။ 

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) နှင့် အကူအညီရရှိရေး ဆွေးနွေးမှုများ ပြုလုပ်နေစဥ် ပါကစ္စတန်အစိုးရက စွမ်းအင်ချွေတာရေး အစီအစဥ် လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

အစိုးရအဖွဲ့က အတည်ပြုထားသည့် စွမ်းအင်ချွေတာရေး အစီအစဥ်သစ်၏ အစိတ်အပိုင်းအဖြစ် အစိုးရက ဈေးဝယ်စင်တာများနှင့် ဈေးများကို အချိန်စောပိတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး Khawaja Mohammad Asif နှင့် စွမ်းအင်ဝန်ကြီး Ghultam Dastghir တို့က ပြောသည်။ 

ထို့အတူ ပါကစ္စတန်တဝန်းရှိ မင်္ဂလာခန်းမများနှင့် စားသောက်ဆိုင်များကိုလည်း ည (၁၀) နာရီတွင်ပိတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ယခု စီမံဆောင်ရွက်မှုဖြင့် စွမ်းအင်ချွေတာနိုင်ပြီး ပြည်ပမှ လောင်စာဆီတင်သွင်းရမှု ကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဟု ပါကစ္စတန်အစိုးရ မျှော်လင့်ထားသည်။

 ပါကစ္စတန်နိုင်ငံမှာ နှစ်စဥ် ပြည်ပမှ လောင်စာဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ (၃) ဘီလီယံ သုံးစွဲနေရသည်။ 

ပါကစ္စတန်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အများစုကို ပြည်ပမှ တင်သွင်းသည့် လောင်စာဆီဖြင့် လည်ပတ်နေခြင်းလည်း ဖြစ်သည်။

အာဏာပိုင်များက ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို အချိန်စောပိတ်ရန် ညွှန်ကြားမှုအပေါ် သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဆိုင်ပိုင်ရှင်များထံမှ အမျိုးမျိုးသော တုံ့ပြန်မှုများရှိနေပြီး ၎င်းတို့ အစိုးရအနေဖြင့် ဆုံးဖြတ်ချက် ပြန်ပြောင်းရန် လိုလားကြသည်။ 

ပါကစ္စတန်အများအပြားက ဈေးဝယ်ခြင်းနှင့် စားသောက်ဆိုင်များတွင် စားသောက်ရာတွင် ညဥ့်နက်ပိုင်းအထိ နောက်ကျလေ့ရှိကြသည်။

စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များကလည်း အစိုးရ၏ စီမံဆောင်ရွက်မှုအသစ်များက ၎င်းတို့၏ လုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်လိမ့်မည်ဟု ပြောသည်။ 

စီးပွားရေးလုပ်ငန်းများမှာ COVID-19 ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ရန် အစိုးရက lockdown လုပ်ခဲ့မှုများကြောင့် ထိခိုက်နစ်နာမှုများ ကြုံနေခဲ့ရသည်။ 

ပါကစ္စတန်တွင် ၂၀၂၁ ခုနှစ်မှစ၍ COVID ကူးစက်ခံရသူ (၁.၅) သန်းရှိခဲ့ပြီး ၎င်းတို့အနက် (၃၆,၀၀၀) သေဆုံးခဲ့ကြောင်း သိရသည်။

စီးပွားရေးအကျပ်အတည်းဆိုက်နေသည့် ပါကစ္စတန်နိုင်ငံက လက်ရှိတွင် ချေးငွေ ဒေါ်လာ (၆) ဘီလီယံ ရရှိနိုင်ရေး IMF နှင့် ဆွေးနွေးညှိနှိုင်းနေသည်။ 

ငွေပြတ်လပ်နေသည့် ပါကစ္စတန်ကို IMF က ယမန်နှစ် ဩဂုတ်လအတွင်း ဒေါ်လာ (၁.၁) ဘီလီယံ အရေးပေါ် ထုတ်ပေးခဲ့သည်။ 

၂၀၂၂ ခုနှစ် နွေရာသီကာလ အဆိုးဆုံး ရေကြီးမှုများကြောင့် နိုင်ငံ၏ စီးပွားရေးကို ဒေါ်လာ (၄၀) ဘီလီယံအထိ ထိခိုက်ဆုံးရှုံးမှု ဖြစ်စေခဲ့ကြောင်း ပါကစ္စတန်က ပြောသည်။

 ထိုအခြေအနေအရ ဂက်စ်နှင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရန်နှင့် အခွန်နှုန်းအသစ်များ အပါအဝင် IMF ၏ သတ်မှတ်ချက်အချို့ကို လိုက်နာဆောင်ရွက်ရန် အစိုးရအတွက် ခက်ခဲစေသည်ဟု ဆိုသည်။

Source: AP