မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်တွင် ချုံခိုဖမ်းဆီးမှုအတွင်း စိတ်ကြွဆေးပြား (၃)သိန်းနှင့် အိုက်စ်အချို့ဖမ်းမိ

Photo: Maesai News Online
Photo: Maesai News Online
မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်တွင် ချုံခိုဖမ်းဆီးမှုအတွင်း စိတ်ကြွဆေးပြား (၃)သိန်းနှင့် အိုက်စ်အချို့ဖမ်းမိ
သြဂုတ် 14, 2021 | နိုင်ငံတကာသတင်း

မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၃) ရက်နေ့ ညပိုင်းက မူးယစ်ဆေးသယ်မည့်အဖွဲ့ကို ထိုင်းရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့က ချုံခိုဖမ်းဆီးမှုအတွင်း သယ်ဆောင်သူ လွတ်မြောက်သွားကာ စိတ်ကြွရူးသွပ်ဆေးပြား (၃) သိန်းနှင့် အိုက်စ် (၃၀) ကီလိုကို ဖမ်းမိလိုက်ကြောင်း သိရသည်။

ပူးပေါင်းဖမ်းဆီးရေးအဖွဲ့သည် သတင်းအရ မယ်ဆိုင်မြို့နယ်အတွင်း ကျေးရွာတစ်ခုအနီး လမ်းမကြီးတွင် ချုံခိုစောင့်ဆိုင်းနေကြစဉ် မော်တော်ယာဉ်တစ်စီး ဝင်လာသည်ကိုတွေ့သဖြင့် စစ်ဆေးရန် တားဆီးစဉ် မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသည့်ယာဉ်အား ပိတ်ဆို့ဖမ်းဆီးရန် ကြိုးစားသော်လည်း ဖမ်းဆီးရမိခြင်းမရှိသဖြင့် အဆိုပါမော်တော်ယာဉ် ရောက်လာသည့်နေရာဝန်းကျင်အား ပိုက်စိပ်တိုက်ရှာဖွေရာ အိတ် (၄)လုံးကို ရှာဖွေတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အိတ်များအတွင်း စိတ်ကြွရူးသွပ်ဆေးပြား အပြားရေ (၃) သိန်းနှင့် အိုက်စ်မူးယစ်ဆေး (၃၀) ကီလိုတို့ကို စစ်ဆေးတွေ့ရသည်ဟု သိရသည်။



အဆိုပါ ဖမ်းဆီးရရှိမှုကို မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့်ထားပြီး မယ့်ဖားလုံ၊ မယ့်ကျန်း၊ မယ်ဆိုင်ဒေသများတဝိုက်တွင် ဆက်လက်စုံစမ်းဖေါ်ထုတ်မှုများလုပ်နေသည်ဟု သိရသည်။