အိုမီခရွန်က ယခင် မျိုးကွဲများ ကဲ့သို့ပင် ပြင်းထန်ကြောင်း အမေရိကန်၌ ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် တွေ့ရှိ

အိုမီခရွန်က ယခင် မျိုးကွဲများ ကဲ့သို့ပင် ပြင်းထန်ကြောင်း အမေရိကန်၌ ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် တွေ့ရှိ
By Mr John

COVID-19 ကပ်ရောဂါဖြစ်စေသည့် SARS-CoV2 ဗိုင်းရပ်စ်၏ မျိုးကွဲဖြစ်သော အိုမီခရွန်က ယခင်မျိုးကွဲများကဲ့သို့ပင် ပြင်းထန်ကြောင်းနှင့် ယခင်လေ့လာမှုများတွင် ပိုမိုကူးစက်နိုင်သော်လည်း မပြင်းထန်ကြောင်း စသည့်ယူဆချက်များ  ကွဲလွဲကြောင်း အမေရိကန်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုအသစ်က တွေ့ရှိခဲ့သည်။

"ဆေးရုံတက်ရမှုနဲ့ သေဆုံးမှု အန္တရာယ်က ဒီကာလတွေကြားမှာ ထပ်တူနီးပါးပဲ" ဟု COVID-19 လူနာ ၁၃၀,၀၀၀ ၏ မှတ်တမ်းများအပေါ် အခြေခံပြီး လေ့လာမှုပြုခဲ့သည့် သိပ္ပံပညာရှင် (၄)ဦးက ပြောသည်။

၎င်းတို့က ပြီးခဲ့သည့် (၂)နှစ်အတွင်း ဗိုင်းရပ်စ်မျိုးကွဲများ ကမ္ဘာတဝန်း ပျံ့နှံ့ခဲ့သည့် အချိန်ကာလကို ရည်ညွှန်းထားသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့အခြေစိုက် Nature Portfolio တွင် အပြန်အလှန်သုံးသပ်နေသည့် ယခုလေ့လာတွေ့ရှိမှုကို Research Square ဝက်ဘ်ဆိုက်တွင် မေလ (၂) ရက်နေ့က ဖော်ပြခဲ့သည်။

လေ့လာမှုတွင် ရောဂါဖြစ်ပွားမှု၊ ကာကွယ်ဆေးနှင့် ဆေးရုံတက်ပြီး တစ်နှစ်အတွင်း ထူးခြားသည့် နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေရှိသော လူနာများ သေဆုံးမှုအန္တရာယ် ခန့်မှန်းချက်တို့ကို ထည့်သွင်းထားသည်ဟု ဆိုသည်။

လတ်တလော COVID-19 ကူးစက်မှုလှိုင်းများတွင် ကာကွယ်ဆေးထိုးထားသည့် လူနာအရေအတွက်နှင့် စုစုပေါင်းကူးစက်မှု အရေအတွက်ကို  လျှော့တွက်ထားခြင်း အပါအဝင် ၎င်းတို့၏ လေ့လာမှုမှာ အကန့်အသတ်များရှိနိုင်ကြောင်း Massachusetts အထွေထွေရောဂါကုဆေးရုံ၊ Minerva တက္ကသိုလ်နှင့် Harvard ဆေးပညာကျောင်းတို့မှ သိပ္ပံပညာရှင်တွေက ပြောသည်။

နေအိမ်တွင် အမြန်စစ်ကိရိယာဖြင့် စစ်ဆေးခဲ့သည့် လူနာများကို လေ့လာမှုတွင် ထည့်သွင်းထားခြင်း မရှိကြောင်းလည်း ၎င်းတို့ကဆိုသည်။

အိုမီခရွန်က ရောဂါမပြင်းထန်ကြောင်း ယူဆထားသည့် ယခင်လေ့လာမှုများကို တောင်အာဖရိက၊ စကော့တလန်၊ အင်္ဂလန်နှင့် ကနေဒါ အပါအဝင် နေရာအမျိုးမျိုးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။



Source: Reuters, Research Square