ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်ဘက်က (၅)ဦးသေဆုံးကာ လက်နက်အချို့လည်း သိမ်းဆည်းရမိကြောင်း KNDF သတင်းထုတ်ပြန်

ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်ဘက်က (၅)ဦးသေဆုံးကာ လက်နက်အချို့လည်း သိမ်းဆည်းရမိကြောင်း KNDF သတင်းထုတ်ပြန်
သြဂုတ် 12, 2021 | နိုင်ငံရေး| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နှင့်KNDF တို့က တိုက်ခိုက်ရာမှ အာဏာသိမ်းစစ်ကောင်စီတပ်ဖက်က (၅)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်အချို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်လာသည်။

ဖရူဆိုမြို့နယ် ထေးကလူဒေါကျေးရွာအနီးတွင် စစ်အင်အားဖြည့်တင်းရန်အတွက် လမ်းကင်းလာရောက်ချထားသည့် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ဒီးမော့ဆို - ဖရူဆိုလမ်းမပေါ်ရှိ ကဒါးလားရွာအနီးတွင်လည်း နံနက်(၁၁)နာရီဝန်းကျင်အချိန်က နှစ်ဖက်ထိတွေ့မှုဖြစ်ပွားပြီး ဒီးမော့ဆို အခြေစိုက် အမှတ်(၁၀၂)တပ်ရင်းက ဖရူဆိုမြို့ဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းဖြစ်ခတ်မှုကြောင့် ထီးပေါ်ဆိုကျေးရွာနေ ပြည်သူတစ်ဦး ပေါင်တွင် လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညနေ(၃)နာရီခွဲဝန်းကျင်တွင်လည်း ဖယ်ခုံမြို့တွင် KNDF နှင့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များက ရှမ်း - ကယားနယ်စပ် နှင့် ကယားပြည်နယ်အတွင်း အင်အားအဆမတန် ဖြည့်တင်းမှုများနှင့်အတူ ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေသည့်အတွက် ဖရူဆိုနှင့်ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ဖွယ်ရှိသည့်အတွက် ပြည်သူများလုံခြုံရေး သတိရှိကြရန် KNDF က ကြိုတင်သတိပေးထားသည်။