ဒီးမော့ဆိုမြို့တွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေ

ဒီးမော့ဆိုမြို့တွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေ
နိုဝင်ဘာ 1, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့တွင်း၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ ညနေ (၄)နာရီမှစ၍ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

ညနေ ၄ နာရီလောက်ကတည်းက စပစ်နေတာ။ အခု လက်နက်ကြီးတွေ ကျနေတယ်။ လက်နက်ကြီး လက်နက်ငယ်တွေပစ်နေတယ်။ စစ်တပ်ဘက်က တစ်ဖက်သတ်ပစ်နေလား တိုက်ပွဲဖြစ်နေလားတော့ မသေချာဘူး။ မြို့ထဲကတော့ လူလုံးဝမနေတော့ဘူး။ တစ်ချို့လမ်းဆုံတွေဆို စစ်ကောင်စီက တပ်စွဲထားတာ။ ညနေတိုင်း သူတို့ပစ်ခတ်တာတွေလုပ်တယ်။ စကစက ညနေဘက်ဆို ပုံမှန်လိုပစ်နေတာ။ အများအားဖြင့်တော့ ရပ်ကွက်တွေဘက်ပစ်တယ်။ တစ်ခါတစ်လေ ဘယ်ကိုပစ်လို့ ပစ်နေမှန်းလည်း မသိဘူး

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လူမနေတော့သည့် ဒီးမော့ဆိုမြို့တွင်း၌ အာဏာသိမ်းစစ်တပ်က တပ်စွဲထားပြီး ဖြတ်သန်းသွားလာသူများကို ပစ်ခတ်မှုများရှိနေ၍ ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်များမှာ အချင်းချင်းဆက်သွယ်ရန် အခက်အခဲဖြစ်သွားကြောင်း သိရသည်။

ဒီးမော့ဆိုမြို့က  တိုက်ပွဲနယ်မြေဖြစ်သွားတော့ တစ်ချို့လမ်းဆုံတွေဆို စစ်ကောင်စီက တပ်စွဲထားတာ။ ဖြတ်သွားဖြတ်လာလုပ်လို့မရ။ ကားလမ်းမကြီး ဟိုဘက်ခြမ်း ဒီဘက်ခြမ်းက ဒီးမော့ဆို အရှေ့ခြမ်း၊ အနောက်ခြမ်းဆိုတာ ကားလမ်းမလေး ကူးရုံကို စစ်ကောင်စီက ပစ်တော့ ကူးမရတော့ဘူး

ဟု  ဒေသခံတစ်ဦးက ပြောသည်။

ဒီးမော့ဆိုအနောက်ခြမ်းတွင် ကုန်းသာတိုက်ပွဲဖြစ်ပြီးကတည်းက မီးပြတ်နေသည်မှာ တစ်လကျော်ရှိနေပြီး တိုက်ပွဲအတွင်း ပြတ်တောက်နေသည့် မီးလိုင်းများအား ပြန်လည်ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြုပြင်၍မရဖြစ်နေကြောင်း သိရသည်။