လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံးမဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်တွင် ဒရုန်းဖြင့် ဗုံးကြဲခံရ၍ အများအပြား ဒဏ်ရာ ရ

လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံးမဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်တွင် ဒရုန်းဖြင့် ဗုံးကြဲခံရ၍ အများအပြား ဒဏ်ရာ ရ
ဧပြီ 15, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်အတွင်း လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံးမဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ် Drone ဖြင့် ဗုံးကြဲခံရပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ သင်္ကြန်အကြတ်နေ့   ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့၏ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ယိမ်းအကအဖွဲ့များ စင်ပေါ် ကပြဖျော်ဖြေနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး   စစ်ကောင်စီဘက်မှ ရာထူးအကြီးပိုင်း အပါအဝင် (၂၀)ကျော် ဒဏ်ရာရရှိမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးပေ။ 

"အဲ့ဖက်မှာ ရှိတဲ့ သက်ဆိုင်ရာ KNDF တပ်ရင်းတွေကလည်း ဘာသတင်းမှ ပို့လာတာ မရှိတဲ့အတွက် လတ်တလောမှာတော့ KNDF တပ်ရင်းတွေရဲ့ မစ်ရှင် ဟုတ်မဟုတ် ဆိုတာ ကို အတည်ပြုလို့မရသေးပါဘူး။"ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

ပြည်နယ်အစိုးရရုံးမဏ္ဍပ်မှာ လေယာဉ်ကွင်းအနီးရှိ ပြည်နယ်အစိုးရရုံးအတွင်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ဗဟိုမဏ္ဍပ်မှာ ဒကစ အရှေ့တွင်ရှိကြောင်းနှင့် လက်ရှိတွင် လွိုင်ကော်ဆေးရုံ၌ ဒဏ်ရာရသူများဖြင့် ပြည့်နှက်နေသည်ဟု သိရသည်။