လွိုင်ကော်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်တွင်း အိမ်များနှင့် လူ ထိခိုက်မှုရှိ 

လွိုင်ကော်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်တွင်း အိမ်များနှင့် လူ ထိခိုက်မှုရှိ 
သြဂုတ် 5, 2021 | ကယား

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

" သူတို့ ပစ်ချင်ရင် တစ်ခြားဖက်ကို ပစ်ပေါ့။ နှစ်ဖက်ပစ်ခတ်သံတွေဆိုပေမဲ့ လက်နက်ကြီးနဲ့ လူတွေ နေတဲ့ ရပ်ကွက်ထဲကို ပစ်ထည့်စရာလားပေါ့။ ဒါက ပြောနေစရာမလိုဘူး။ သိကိုသိရမယ်။ လူထုကို သေစေချင်နေတာနဲ့ တူနေတယ်။ ဒီလောက် လူတွေနေတဲ့ မြို့လယ်ခေါင် ရပ်ကွက်တွေထဲကို လက်နက်ကြီး ပစ်ထည့်တာတော့ အရမ်းဆိုးဝါးလွန်းတယ်။" ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

လွိုင်ကော်မြို့ ပေါ်တွင် သြဂုတ်လ (၄) ရက်နေ့ ညပိုင်းက နောင်ယားရပ်ကွက်အနီး ဗုံးကွဲသံနှင့်  လက်နက်ငယ်ပစ်ခတ်သံများကြားရပြီး မြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များအတွင်း တဆက်တည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လွိုင်ကော်မြို့ ပေါ်တွင် သြဂုတ်လ (၄) ရက်နေ့ ည (၉)နာရီဝန်းကျင်က နောင်ယားရပ်ကွက်နှင့် မိုင်းလုံးရပ်ကွက်များအနီး ပေါက်ကွဲသံနှင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်သော လက်နက်ငယ် ပစ်ခတ်သံများ မိနစ်(၂၀)နီးပါး ကြားခဲ့ရပြီးနောက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ည (၁၁)နာရီထိ လူနေရပ်ကွက်များသို့ ရမ်းသမ်း ပစ်ခတ်နေသဖြင့် နောင်ယားရပ်ကွက်တွင်း နေအိမ်တစ်အိမ်၏ ခေါင်မိုးပေါ် လက်နက်ကြီးကျည်ကျရောက်ကာ အဆိုပါနေအိမ်မျ အမျိုးသမီးတစ်ဦးမှာလည်း ကျည်ထိမှန်သွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ လူထုအား တစ်စုံတစ်ရာအသိပေးထုတ်ပြန်ခြင်းလည်းမရှိကြောင်း သိရသည်။

ကယား (ကရင်နီ) ပြည်နယ်အတွင်း အချိန်မရွေး နေရာမရွေး တိုက်ပွဲများ ဖြစ်လာနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် သတိရှိရှိနှင့် လုံခြုံစွာနေကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်တွန်းထားသည်။



#TachileikNewsAgency

Photo: CJ