အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီအား ပုဒ်မ (၆)ခုဖြင့် တရားစွဲရန် ပြင်နေ

အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ထားသည့် ပုံ
အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ထားသည့် ပုံ
အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီအား ပုဒ်မ (၆)ခုဖြင့် တရားစွဲရန် ပြင်နေ

အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့ကတည်းက အကြမ်းဖက် ဖမ်းဆီးထားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဂျင်မီကို လက်နက်များဖြင့် ဖမ်းမိသည်ဟု နှစ်ပတ်အကြာဖြစ်သည့် နိုဝင်ဘာလ (၇) ရက်နေ့၌ သတင်းထုတ်ပြန်လာပြီး ပုဒ်မ (၆)ခုဖြင့် တရားစွဲမည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ထားသည့် ပုံ

ကိုဂျင်မီအား အာဏာသိမ်းအဖွဲ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထားခဲ့ပြီးနောက် ဖမ်းဆီးရမိချိန်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်နှင့် ပတ်သက်သောအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေတို့ဖြင့် အရေးယူမည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းအပြင် ကိုဂျင်မီအား ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၊ ပင်လုံအိမ်ရာမှ ဖမ်းဆီးစဉ် အဆိုပါနေအိမ်မှ လက်နက်အချို့သိမ်းဆည်းရမိသည်ဟု အာဏာသိမ်းအဖွဲ့က ယနေ့ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးမှုအတွင်း ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ဆောင်သည့်အတွက်  မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသပေးခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးရမိသူများအပေါ် စွပ်စွဲလေ့ရှိသည့်အတိုင်း ကိုဂျင်မီအား ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ စွပ်စွဲချက်များကို ယနေ့ထုတ်ပြန်လာရာတွင် စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊ သူရကျော်(ခ)နီကိုလပ်စ်၊ သန်းအောင်(နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည်(ခ)အူနို(နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး(ခ) ဇော်ဝင်းမောင်(၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ)တို့နှင့်ဆက်စပ်သည်ဟုလည်း ၎င်းတို့၏စွပ်စွဲချက်တွင် ဖေါ်ပြထားသည်။