KNU နယ်မြေ မူး(မုန်း)မြို့နယ်တွင်း စစ်ကောင်စီတပ်ကြောင့် စစ်ဘေးရှောင်ရသူ နှစ်သောင်းကျော်အထိ တိုးလာ

KNU နယ်မြေ မူး(မုန်း)မြို့နယ်တွင်း စစ်ကောင်စီတပ်ကြောင့် စစ်ဘေးရှောင်ရသူ နှစ်သောင်းကျော်အထိ တိုးလာ
By Tachileik News Agency

ပဲခူးတိုင်းအတွင်း KNU တပ်မဟာ (၃)နယ်မြေ၊ မူး(မုန်း)မြို့နယ်အတွင်း မေလ (၁၀)ရက်နေ့မှစ၍ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကျေးရွာ (၁၈)ရွာမှ အရပ်သား နှစ်သောင်းကျော် စစ်ဘေးရှောင်နေကြရကြောင်း KNU ဗဟိုက ၂၀၂၃ ခုနှစ် မေလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ (၃)နယ်မြေအတွင်း မူး(မုန်း)မြို့နယ်ရှိ အိမ်ခြေရာကျော်ရှိသည့် နောင်ကုန်းကျေးရွာတွင် မေလ (၂၁)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးနှင့် စာသင်ကျောင်း ပျက်စီးခဲ့ပြီး အရပ်သား (၇၀၀ )ကျော်မှာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မေလ ( ၁၀ )ရက်နေ့မှစ၍ အရပ်သားနေရာများအား တိုက်ခိုက်နေမှုများကြောင့်  ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနှင့် တပ်ကုန်း စသည့် ကျေးရွာ(၁၈) ရွာမှ ဒေသခံ ( ၂၁၈၈၀ ) ဦး စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ မေလ (၂၂)ရက်နေ့ သတင်းထုတ်ပြန်ချိန်အထိ KNU တပ်မဟာ (၃)နယ်မြေ မူး(မုန်း)မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး၊ မီးရှို့ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် ကျေးရွာ အများအပြားရှိနေပြီး နေရပ်ကိုအပြီးအပိုင်စွန့်ခွာ ထွက်ပြေးရသည့် ကျေးရွာအများအပြားရှိနေကြောင်း သိရသည်။