တာချီလိတ်မြို့တွင် မူးယစ်ရဲ၊ လဝက နှင့် ဈေးသည်များအပါအဝင် Covid-19 ပိုးတွေ့ရှိရသူ (၇၃)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် မူးယစ်ရဲ၊ လဝက နှင့် ဈေးသည်များအပါအဝင် Covid-19 ပိုးတွေ့ရှိရသူ (၇၃)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 11, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ(၁၁)ရက်နေ့ ည(၁၀)နာရီအချိန်အထိ လာရောက်စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၇၃)ဦးအထိ စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိရသည့် (၇၃)ဦးတွင် အမျိုးသား(၄၃)ဦး နှင့် အမျိုးသမီး (၃၀)ဦး ပါဝင်ပြီး   ဆေးရုံကြီးတွင် စစ်ဆေးပြီး  ပိုးတွေ့ရ၍ ဆေးဝါးကုသမှုလိုအပ်သူ (၁၅)ဦးဝန်းကျင် ပါဝင်ကြောင်း သိရသည်။

ပိုးတွေ့ရသူများတွင် (၂)နှစ်သားအရွယ် ကလေး (၂)ဦး ပါဝင်ပြီး အသက်(၆၀)မှ စ၍ အသက်(၈၆)နှစ်အရွယ်အထိ အသက်ကြီးပိုင်း (၆)ဦး  ပါဝင်နေကြောင်း သိရသည်။

 

ယနေ့ ပိုးတွေ့ရသူများထဲတွင် မူးယစ်ရဲတပ်ဖွဲ့ဝင်၊ လဝက နှင့် ဈေးသည်များ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၁၁)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁,၉၀၅)ဦးအထိ ရှိနေပြီး သေဆုံးသူမှာလည်း (၂၉)ဦးအထိရှိကြောင်းသိရသည်။

ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသူက လွဲ၍ မိုးကုတ်၊ အားကစားရုံနှင့် ဝမ်လုံးစသည့် သီးခြား စောင့်ကြည့် စင်တာများ အပါအဝင် အလုပ်ရုံနှင့်ဟိုတယ်များတွင် ထားရှိသူများမှာ သတ်မှတ်ရက်(၁၁)ရက်ပြည့်ပါက နေအိမ်ပြန်ခွင့်ရရှိနေကြောင်း သိရသည်။

#TachileikNewsAgeny