တာချီလိတ်မြို့တွင် မူးယစ်ဆေးနှင့်ကျည်ဆံများ ဖမ်းဆီးရရှိမှုတွင် သတင်းပေးသူကိုပါ ဖမ်းဆီးပြီး စစ်ကြောရေး ပြုလုပ်နေ

တာချီလိတ်မြို့တွင် မူးယစ်ဆေးနှင့်ကျည်ဆံများ ဖမ်းဆီးရရှိမှုတွင် သတင်းပေးသူကိုပါ ဖမ်းဆီးပြီး စစ်ကြောရေး ပြုလုပ်နေ
ဖေဖော်ဝါရီ 5, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့်အတူ ကျည်ဆံများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်းပေးသူကိုပါ မသင်္ကာ၍ ဖမ်းဆီးပြီး စရဖရုံးတွင် စစ်ကြောရေး ပြုလုပ်နေသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်ရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများနှင့် ကျည်ဆံများကို သတင်းပေးအရ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က  မိုင်းယောင်းတပ်နယ်မှ အမှတ်(၃၁၁)တပ်ရင်း၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမင်းသီဟကျော် နှင့်အဖွဲ့၊ စရဖ၊ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်ရှိ ကျော်ထက်ဝင်း(ခ)ကိုထက်ဆိုသူ၏ နေအိမ်တွင် မူးယစ်ဆေးဝါး၊ လက်နက် နှင့် လူစိမ်းများရောက်နေသည်ဟု သတင်းပေးအရ မိုင်းယောင်းတပ်နယ်မှ အမှတ်(၃၁၁)တပ်ရင်း၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမင်းသီဟကျော် နှင့်အဖွဲ့၊ စရဖ၊ ရဲတပ်ဖွဲ့တို့က သွားရောက်ရှာဖွေ ဖမ်းဆီးရာက နေအိမ်တွင် လူ(၃)ဦးတွေ့ရှိရပြီး ဆက်လက်ရှာဖွေရာက နေအိမ် အိပ်ခန်းအတွင်းထဲက Wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၃၆၀၀)ပြားတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်ရှာဖွေရာက  လက်ပစ်ဗုံး (၁)လုံး၊ ကျည်အမျိုးအစုံ စုစုပေါင်း (၄၅)တောင့်ကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် မူးယစ်ဆေးဝါးအပြင် ခဲယမ်းများပါ တွေ့ရှိရသည့်အတွက် သတင်းပေးသူဟုဆိုသည့် သန်းထိုက်ဦးကိုပါ ဝမ်ကောင်းဈေးရှိ အခန်းတွင် သွားရောက် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဆက်လက်၍ ထက်ထက်ဝင်း၊ ကျော်ထက်ဝင်း၊ ခန့်စည်သူကျော် နှင့် ရဲပိုင်ဖြိုး အပါအဝင် သတင်းပေးသူဟုဆိုသည့် သန်းထိုက်ဦးတို့ကို ဖမ်းဆီးပြီး တာချီလိတ်မြို့ အထက(ဟောင်လိတ်)ကျောင်းရှေ့ရှိ စရဖ(စရတ)ရုံးတွင် ချုပ်နှောင်ထားကာ စစ်ကြောရေး ပြုလုပ်နေလျှက်ရှိကြောင်း Tachileik News Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။