တာချီလိတ်မြို့တွင် Covid-19 လာစစ်ဆေးစဉ် ပိုးတွေ့သည့် အဖြေကို သိရ၍ (၂)ဦး ထပ်မံ ထွက်ပြေး

တာချီလိတ်မြို့တွင် Covid-19 လာစစ်ဆေးစဉ် ပိုးတွေ့သည့် အဖြေကို သိရ၍ (၂)ဦး ထပ်မံ ထွက်ပြေး
သြဂုတ် 11, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် Covid-19 စစ်ဆေးပြီး ပိုးတွေ့ရှိသည်ကို သိရှိရပြီးနောက် (၂)ဦး ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားကြသူများမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)တွင် နေထိုင်ကြသည့် အသက်(၂၈)နှစ်အရွယ် မမာမာဝင်း နှင့် အသက်(၁၇)နှစ်အရွယ် ကိုဇော်မင်းထွေးတို့ ဖြစ်ကြောင်း သိရပြီး ၎င်းတို့၏ ဖုန်းကို ဆက်သွယ်သည့်အခါမှာလည်း ဆက်သွယ်မရကြောင်း သိရသည်။

ဖုန်းဆက်တာ မကိုင်ဘူး။ အစ ကတည်းက အဲ့လို့တွေ လုပ်မယ်ဆို လာမစစ်သင့်ဘူးပေါ့။ လူအများနဲ့လုပ်နေရတာဆိုတော့ အခုလိုမလုပ်သင့်ပါဘူး။ ကျွန်တော်တို့က ပိုးတွေ့သူကို ဘာမှလုပ်မှာမဟုတ်ဘူး တခြားထိတွေ့မှုတွေမရှိအောင် စောင့်ကြည့်ကုသဆောင်ကို ပို့ပေးဖို့ပါ။ ရောဂါမပြင်းထန်ရင် သတ်မှတ်ရက် (၁၁)ရက်ပြည့်တာနဲ့ ပြန်ရမှာ။ အခုလို ထွက်ပြေးတော့ တခြားလူတွေကို ထိတွေ့မိရင် အခက်တွေ့ကုန်ပါလိမ့်မယ်

ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ဆေးရုံဟောင်းအတွင်း၌ Covid-19 လာရောက် စစ်ဆေးစဉ် ပိုးတွေ့ကြောင်း သိရပြီးနောက် လူနာတင်ယာဉ် လာခေါ်သည်ကို မစောင့်တော့ဘဲ ထွက်ပြေးသွားသည်မှာ ယခုဆိုလျှင် (၅)ဦးမြောက်ဖြစ်ပြီး ပထမတစ်ဦးမှာ ဇူလိုင်လ(၆)ရက်နေ့က အမျိုးသားတစ်ဦး၊ ဇူလိုင်လ(၂၉)ရက်နေ့က အမျိုးသားတစ်ဦး နှင့်  ဇူလိုင်လ(၃၁)ရက်နေ့တွင် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသော်လည်း ဇူလိုင်လ(၃၁)ရက်နေ့က အမျိုးသမီးတစ်ဦးမှာ နေ့တွင်းချင်း ပြန်လည်ဆက်သွယ်ရရှိခဲ့သော်လည်း ကျန်(၂)ဦးမှာ ယနေ့ထိ ဆက်သွယ်ရှာဖွေတွေ့ရှိမှု မရှိသေးကြောင်း သိရသည်။

ယနေ့တွင်လည်း (၂)ဦးထပ်တိုး ထွက်ပြေးသွားသည့်အတွက် ၎င်းတို့အား ရှာဖွေတွေ့ရှိရပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။