မိုင်းဆတ်မြို့နယ်အတွင်း မီးခိုးဖုံးလွှမ်းမှုမရှိစေရန် တောမီးနှင့် တောင်ယာမီးရှို့ခြင်းကို တားမြစ်မိန့် ထုတ်ပြန်

မိုင်းဆတ်မြို့နယ်အတွင်း မီးခိုးဖုံးလွှမ်းမှုမရှိစေရန် တောမီးနှင့် တောင်ယာမီးရှို့ခြင်းကို တားမြစ်မိန့် ထုတ်ပြန်
ဖေဖော်ဝါရီ 21, 2020
By 🌸

မိုင်းဆတ်မြို့နယ်အတွင်း မီးခိုးဖုံးလွှမ်းမှုမရှိစေရန် တောမီးနှင့် တောင်ယာမီးရှို့ခြင်းကို တားမြစ်မိန့် ထုတ်ပြန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ မီးခိုးမြူဖုံးလွှမ်းမှုနှင့် သစ်တောပြုန်းတီးမှုလျှော့ချနိုင်ရန် တောမီးနှင့် တောင်ယာမီးရှို့ခြင်းကို တားမြစ်သည့် ဒေသန္တရအမိန့်ထုတ်လိုက်ပြီး မလိုက်နာသူများအား အရေးယူမည်ဖြစ်ကြောင်း သိရသည်။

“မီးခိုးဖုံးလွှမ်းမှုနဲ့ သစ်တောပြုန်းတီးမှု လျှော့ချနိုင်ဖို့ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းတွေ မပြုလုပ်ဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ မနှစ်ကလည်း ဒေသန္တရအမိန့်ထုတ်ပြန်ပါတယ်။ ဒါပေမဲ့  တောမီးနဲ့ တောင်ယာမီးရှို့ခြင်းကြောင့် မီးခိုးများ ဖုံးလွှမ်းမှုဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူတွေ မျက်ခမ်းတွေစပ်၊ လေယာဉ်လည်း ဆင်းမရလို့ ခရီးစဉ်တွေ ရက်ရွှေ့ဆိုင်းနဲ့ဖြစ်ခဲ့ရတယ်။ ဒီနှစ်တော့  အဲဒီလိုမဖြစ်စေချင်ဘူး။ ဒါကြောင့် သစ်တောဦးစီးဌာနနှင့်ပူးပေါင်းပြီး ကျေးရွာတာဝန်ခံတွေအထိ အစည်းအဝေးခေါ်ပြီး အသိပညာ ပေးဆောင်ရွက်သွားမယ်။ တောမီးနဲ့တောင်ယာ မီးရှို့တဲ့သူတွေ့ရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်” 

ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ဒေသခံအများစုက ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးလေ့ရှိကြသဖြင့် နှစ်စဉ် တောင်ယာမီးရှို့ခြင်းအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် နယ်နမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံဘက်ခြမ်း တွင်လည်း စိုက်ပျိုးရေးအတွက် တောမီးရှို့ခြင်းများကြောင့် မီးခိုးမြူ အချိန်ကြာမြင့်စွာ ဖုံးသည့်ဒဏ်ကို ခံစားကြရခြင်းဖြစ်သည်။

"မနှစ်ကဆို မတ်လ တတိယပတ်လောက်ကစပြီး လကုန်လောက်အထိ မီးခိုးတွေဖုံးလွှမ်းနေတာ။ နေတောင် ရဲရဲလေးပဲ မြင်ရတယ်။ အပြင်ထွက် ဆိုင်ကယ်စီးရင်လည်း မျက်စိတွေစပ်တဲ့အထိဖြစ်နေလို့ မီးသတ်ကားနဲ့ မြို့ထဲရေလိုက်ဖြန်းရတဲ့အထိပဲ။  အခုလို အသိပညာပေးမယ်၊ မလိုက်နာရင် ဖမ်းဆီးအရေးယူမယ်ဆိုတော့ အနည်းနဲ့အများတော့ သက်သာသွားလိမ့်လို့ထင်ပါတယ်" 

ဟု မိုင်းဆတ်မြို့မှ ဦးစိုင်းစိန်က ပြောသည်။

မီးခိုးမြူဖုံးလွှမ်းခြင်းကို လပေါင်းများစွာ ကြုံတွေ့ရလေ့ရှိသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် မီးခိုးမြူ လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်နေကြရာ တာချီလိတ်ခရိုင်အတွင်း ကျေးရွာများ၌ တောင်ယာမီးရှို့ခြင်းကို ကျေးရွာများ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် မီးခိုးလျှော့ချနိုင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~