ဂျပန်နိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရှိရ

ဂျပန်နိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရှိရ
By Mr John

ဂျပန်နိုင်ငံတွင် ပြည်ပသို့ ခရီးသွားပြီး ပြန်လာသည့် အသက် (၃၀) ကျော်အရွယ် အမျိုးသားတစ်ဦးထံက မျောက်ကျောက်ရောဂါ တွေ့ရှိရ၍ ဂျပန်နိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါ အတည်ပြုလူနာဖြစ်ပြီး ၎င်းကို တိုကျိုဆေးရုံတွင် ကုသထားကြောင်း တိုကျိုအုပ်ချုပ်ရေးမှူး Yuriko Koike က ဇူလိုင်လ (၂၅) ရက်နေ့၌ သတင်းထောက်များကို ဖွင့်ဟ ပြောကြားလိုက်သည်။

"အသက် (၃၀) ကျော်အရွယ် အမျိုးသားတစ်ယောက်ပါ။ သူက ပြည်ပခရီးသွားရာဇဝင်ရှိပြီး ဥရောပကနေ ပြန်လာခဲ့ပါတယ်။ ဒါက ဂျပန်မှာ ပထမဆုံး မျောက်ကျောက်ရောဂါလူနာ ဖြစ်ပါတယ်" ဟု Koike က သတင်းထောက်များကို ပြောသည်။

ဂျပန်အစိုးရက မျောက်ကျောက်ရောဂါ (monkeypox) နှင့် ပတ်သက်၍ သတင်းအချက်အလက် စုဆောင်းရန်နှင့် စစ်ဆေးမှုနှင့် ဆေးရုံ၊ ဆေးခန်းများတွင် လူနာလက်ခံမှုတို့အတွက် ပြင်ဆင်ဆောင်ရွက်ရန် လုပ်ငန်းအဖွဲ့အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပထမဆုံး မျောက်ကျောက်လူနာတွေ့ရကြောင်း အတည်ပြု ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာတဝန်း ကူးစက်မှုများ မြင့်တက်လာပြီးနောက် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ဇူလိုင်လ (၂၃) ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။ 

WHO အချက်အလက်များအရ ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံ (၇၅) ခုတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု (၁၆,၀၀၀) ကျော် တွေ့ရှိထားပြီး သေဆုံးသူ (၅) ဦးရှိခဲ့ကြောင်း သိရသည်။  

မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ကမ္ဘာတဝန်း လျင်မြန်စွာ ပျံ့နှံ့နေခဲ့ပြီး နိုင်ငံတကာအတွက် အမှန်တကယ် စိုးရိမ်စရာဖြစ်သည်ဟု ၎င်းအနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း WHO အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ဆိုသည်။

မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်စေသည့် ကူးစက်မှုနည်းလမ်းအသစ်များနှင့် ပတ်သက်၍ အလွန်အနည်းငယ်မျှသာ နားလည်သဘောပေါက်ထားသေးကြောင်းလည်း ဒေါက်တာ Tedros က ပြောခဲ့သည်။

 "WHO အကဲဖြတ်မှုအရတော့ မျောက်ကျောက်ရောဂါရဲ့ အန္တရာယ်ရှိမှုက ဥရောပဒေသကလွဲပြီး တစ်ကမ္ဘာလုံးနဲ့ နယ်မြေအားလုံးမှာ အတန်အသင့် ဖြစ်ပါတယ်။ ဥရောပမှာတော့ မျောက်ကျောက်အန္တရာယ်က မြင့်မားပါတယ်" ဟု ၎င်းက ဆိုသည်။

မျောက်ကျောက်ရောဂါကို ယခင်က အာဖရိကတွင်သာ အဓိက တွေ့ရှိခဲ့ရသော်လည်း ယခုနှစ် မေလမှစပြီး အာဖရိကပြင်ပ အထူးသဖြင့် ဥရောပတွင် ကူးစက်ဖြစ်ပွားမှုများ မြှင့်တက်လာခဲ့သည်။ 

မျောက်ကျောက်ရောဂါမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦးလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များလျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။

 မျောက်ကျောက်ရောဂါ လက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်ကြာပြီးနောက် ကင်းရှင်းသွားပြီး ပုံမှန်အားဖြင့် သေစေနိုင်ခြင်းမရှိပေ။ 

လူများတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။

Source: AFP