Covid-19 အခြေအနေကြောင့် မြန်မာ - လာအိုနယ်စပ်ပိတ် ပိတ်ထားသော်လည်း ငွေကြေးများရယူပြီး  နှစ်ဖက်ညှိကာ ခိုးသွင်းခြင်းနှင့် ခိုးပြန်ခိုင်းခြင်းများ ရှိနေ

Covid-19 အခြေအနေကြောင့် မြန်မာ - လာအိုနယ်စပ်ပိတ် ပိတ်ထားသော်လည်း ငွေကြေးများရယူပြီး  နှစ်ဖက်ညှိကာ ခိုးသွင်းခြင်းနှင့် ခိုးပြန်ခိုင်းခြင်းများ ရှိနေ

 လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် COVID 19 ကာလအတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းဘက်နှင့် သွားလာခွင့်ပိတ်ထားသဖြင့် နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းများ ပိတ်မိနေသော်လည်း တစ်ဦးလျှင် ကျပ် (၅) သိန်းမှ (၁၅) သိန်းအထိ အခကြေးငွေရယူ၍ နယ်စပ်ဖြတ်ကူးပေးသူများနှင့် ချိတ်ဆက်၍  ဝင်ထွက်နေသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။ 

မြန်မာပြည်က အလုပ်လာလုပ်ချင်သူတွေကို ခိုးသွင်းတာတွေလည်း အများကြီး။ လူတစ်ယောက်ကို မြန်မာငွေ (၁၂) သိန်းကနေ (၁၅) သိန်းအထိရှိတယ်။ အရင်က ဒီတြိဂံဇုန်မှာ ရောဂါမရှိဘူး။ ခိုးသွင်းတာတွေများလာလို့ အခုလိုဖြစ်ရတာ။ ပြန်ချင်ရင်လည်း သူတို့ကို ပိုက်ဆံပေးမှပြန်ရတယ်။ လာချင်ရင်လည်း ပိုက်ဆံပေးရင်ရတယ်။ ခိုးသွင်းတယ်၊ ခိုးထုတ်တယ်။ ကုမ္ပဏီလက်အောက်က စီမံသူမြန်မာတွေက အချို့အမြန်ပြန်ချင်တဲ့သူတွေကို တရုတ်ငွေ ယွမ် (၂) ထောင်ကျော်ယူပြီး ခိုးလမ်းကနေ ပြန်ပို့ပေးနေတာတွေရှိတယ်။ တစ်ယောက်ကို မြန်မာငွေ (၅)သိန်းလောက်ပေးပြီးမှ ပြန်ခွင့်ရသလိုဖြစ်နေတာ။ နေရပ်ပြန်ချင်သူတွေလည်း ပြန်ဖို့ အခက်တွေ့နေရတယ်

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်နှင့် လာအိုကြား  မဲခေါင်မြစ်ကိုဖြတ်၍ ခိုးလမ်းမှခေါ်ဆောင်ပေးသူများက ဝမ်ပုံ နှင့် လာအို မိုင်းမောဆိပ်ကမ်းဘက်မှ တာဝန်ကျသူများဖြင့်ချိတ်ဆက်၍ အခကြေးငွေရယူ ကူးဖြတ်ပေးကြခြင်းဖြစ်သော်လည်း လာအိုဖက်တွင် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသူများလည်း ရှိတတ်ကြောင်း သိရသည်။

တစ်ဦးကို ကျပ်(၈)သိန်းပေးရတယ်။ ဒါက တာချီလိတ်ကနေ လာအိုဘက်အရောက်နော်။ အဲဒီလောက်ပေးရတာတောင် ကောင်းကောင်းမွန်မွန် လာရတာမဟုတ်ဘူး။ ခိုးချောင်ခိုးဝှက်လာရတယ်။ ပုန်းပြီးမှ လာရတယ်။ အဲဒီလိုဝင်လာရင်လည်း ဖမ်းမိရင် တောင်ခြေအချုပ်ကို ပို့တာ။ သူတို့က ပြောတယ်။ ပြန်မပို့စေချင်ရင် ငွေနဲ့ ပြန်ရွေးလို့ ပြောတာတွေရှိတယ်

ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

 

ရွှေတြိဂံအထူးစီးပွားရေးဇုန်လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီက မြန်မာရွှေ့ပြောင်းလုပ်သားများအား စီမံအုပ်ချုပ်ရန်အတွက် မြန်မာများကိုပြန်ခန့်ထားသော်လည်း  စီမံအုပ်ချုပ်သူများနှင့်ပတ်သက်၍ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ မဝေဖန်ရဲကြကြောင်း သိရသည်။

 အရာအရာကို သူတို့က ထိန်းချုပ်ထားတာ။ လူတိုင်းက မကျေနပ်ကြဘူး။ မကျေနပ်လို့ သူတို့နဲ့အတိုက်အခံလုပ်ရင်လည်း လုပ်တဲ့သူကို ဝိုင်းပြီးအနိုင်ကျင့်တယ်။ အိမ်တွေဖျက်တယ်။ တချို့ဆိုရွာထဲကနှင်ထုတ်တာတွေပါရှိတယ်။ ရိုက်နှက်ရင်လည်း တခါတလေ လက်လွန်သွားတာတွေရှိတယ်။ အဲဒီတော့ လူတိုင်းက သူတို့ဘာလုပ်လုပ် ငြိမ်ခံနေကြတယ်။ ကိုယ်နဲ့မဆိုင်သလို နေလိုက်ကြတော့တာ။ လူတိုင်းကလည်း တရားဝင်ဗီဇာတွေ ဘာတွေမပါတော့ အဘက်ဘက်က နှိမ်တာခံရတာပေါ့။ အလုပ်ဆိုလည်း လုပ်အားခတွေ အနှိမ်ခံရတာ။ ဒီမှာက ကုမ္ပဏီဘက်က လူမျိုးခြားထက် ကုမ္ပဏီက ခန့်ထားတဲ့ မြန်မာတွေက ဆိုးနေတာ။ မင်းမဲ့စရိုက်ဆန်လွန်းတယ်။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

လာအိုဘက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား အများစုနေထိုင်ရာ မြန်မာရွာ (ရခိုင်ရွာ)ကို COVID 19 ကြောင့် အသွားအလာကန့်သတ်ထားသည်မှာ (၂)လ ကျော် (၃)လနီးပါ ကြာလာပြီဖြစ်၍ နေရပ်ပြန်လိုသူအများအပြားရှိနေပြီး နေရပ်ပြန်ရန် စာရင်းပေးထားသည်မှာ (၂) ကြိမ်ရှိသည့်တိုင် ယနေ့အချိန်ထိ မပြန်နိုင်ဘဲ ပိတ်မိနေကြဆဲဖြစ်ပြီး ယခုအခါမှာ နေရပ်ပြန်လိုသည့် (၄၄၆)ဦး၏ စာရင်းများကိုလည်း သံရုံးသို့ ပို့ထားပြီ ဖြစ်ကြောင်းလည်း သိရသည်။ 

COVID 19 ကြောင့် နှစ်နိုင်ငံနယ်စပ်ကို တရားဝင်ပိတ်ထားချိန်အတွင်း နေရပ်ပြန်လိုသည့် မြန်မာများကို နှစ်နိုင်ငံတာဝန်ရှိသူများချိတ်ဆက်၍ ပြန်လည်လက်ခံနေရာမှ မြန်မာဘက်တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ နေရပ်ပြန်များအား လက်ခံခြင်းအား ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်၊ တုန့်ဖိန်းမြို့နယ်အတွင်း ရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖေါ်ခွင့်ရတရုတ်ကုမ္ပဏီက လုပ်ဆောင်နေသည့် ကာစီနိုအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများအတွက် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားရှိနေခြင်းဖြစ်သည်။