လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း အလုပ်သမား (၂၉၀)ဦး လိုအပ်နေ၍ ရခိုင်ရွာမှ ရွှေ့ပြောင်းမြန်မာလုပ်သားများ ဂိတ်ပေါက် (၄)တွင် သွားရောက် လျှောက်ထားနိုင်

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း အလုပ်သမား (၂၉၀)ဦး လိုအပ်နေ၍ ရခိုင်ရွာမှ ရွှေ့ပြောင်းမြန်မာလုပ်သားများ ဂိတ်ပေါက် (၄)တွင် သွားရောက် လျှောက်ထားနိုင်

လာအိုနိုင်ငံ၊ တုန်ဖိန်းခရိုင်၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း အလုပ်သမား (၂၉၀)ဦး လိုအပ်နေသည့်အတွက် ရခိုင်ရွာ(မြန်မာရွာ)နေ ရွှေ့ပြောင်းမြန်မာလုပ်သားများ ဇွန်လ(၁၂)ရက်နေ့တွင် လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ကြောင်း အထူးဇုန် အလုပ်သမားရုံးက အသိပေးထားသည်။

"ဒီအပိုင်းမှာ တာဝန်ယူထားတဲ့ ကုမ္ပဏီက လူတွေကိုယ်တိုင် ရခိုင်ရွာ ဂိတ်ပေါက် (၄)မှာသွားပြီးတော့ အင်တာဗျူးပြီး လက်ခံပေးမှာ၊ လာလျှောက်တဲ့လူကို တခါတည်း အင်တာဗျူးလုပ်ပြီးတော့ လက်ခံပေးမှာပါ"ဟု အထူးဇုန် အလုပ်သမားရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၁)ရက်နေ့တွင် ပြောသည်။

အလုပ်သမား  လိုအပ်ချက်မှာ (၂၉၀)ဦး လိုအပ်သည့်အတွက် လာလျှောက်၍ အလုပ်ရသွားသူကို Covid-19 စစ်ဆေးရန် နှင့် နေစရာပါ စီစဉ်ပေးမည်ဟု အလုပ်ခေါ်သည့် ကျင်မှုမြန့်ဂရုကုမ္ပဏီက အသိပေးထားသည်။

ခေါ်ယူသည့် အလုပ်အကိုင်မှာ အများအားဖြင့် ပန်းရံလုပ်ငန်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် သန့်ရှင်းရေးလုပ်ငန်းလည်း ပါဝင်ကြောင်း သိရသည်။

လာအိုနိုင်ငံ ရခိုင်ရွာ(မြန်မာရွာ)အတွင်းနေ ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် ၂၀၂၁ခုနှစ် ဇွန်လ(၁၂)ရက်နေ့ တရုတ်စံတော်ချိန် နံနက်(၉)နာရီခွဲအချိန်တွင် ရခိုင်ရွာ၏ ဂိတ်ပေါက် (၄)သို့ သွားရောက်ကာ အလုပ်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။