ရုရှား၏ သတိပေးခြိမ်းခြောက်မှုများရှိသော်လည်း ဖင်လန်နိုင်ငံက NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည်ဟု တရားဝင် အတည်ပြု

ရုရှား၏ သတိပေးခြိမ်းခြောက်မှုများရှိသော်လည်း ဖင်လန်နိုင်ငံက NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည်ဟု တရားဝင် အတည်ပြု
By Mr John

ရုရှားက သတိပေးမှုရှိခဲ့သော်လည်း ဖင်လန်နိုင်ငံက NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသွားမည်ဟု သမ္မတ Sauli Niinisto က မေလ (၁၅) ရက်နေ့တွင် အတည်ပြု ကြေညာလိုက်သည်။

ယင်းသို့ အတည်ပြု ဆုံးဖြတ်လိုက်မှုသည့် ဖင်လန်နိုင်ငံအတွက် သမိုင်းဝင်နေ့ တစ်နေ့အဖြစ်သည်ဟု ဖင်လန်နိုင်ငံသမ္မတက ညွှန်းဆိုပြောခဲ့သည်။

NATO အဖွဲ့ဝင်ဖြစ်ရေး သမိုင်းဝင် မူဝါဒအပြောင်းအလဲမှာ ရုရှားက ယူကရိန်းကို ကျူးကျော်သည့်လုပ်ရပ်ကို တုံပြန့်မှုဖြစ်ကြောင်း သမ္မတ Sauli Niinisto က ဆိုသည်။

ဖင်လန်ကို အဖွဲ့ဝင်အဖြစ် ထပ်တိုးမည့် လုပ်ငန်းစဥ်ကို အလျင်အမြန်ဆောင်ရွက်ရန် NATO အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက လိုလားနေကြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖင်လန်နိုင်ငံအနေဖြင့် ကြားနေရေးမူဝါဒကို စွန့်လွှတ်ပြီး NATO အဖွဲ့ဝင်ဖြစ်ရန် လုပ်ဆောင်ခြင်းက အမှားတစ်ခုဖြစ်လိမ့်မည်ဟု သတိပေးထားခဲ့သည်။

ဖင်လန်၏ အိမ်နီးချင်း ဆွီဒင်နိုင်ငံကလည်း NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားမည်ဟု အစောဆုံးအနေဖြင့် မေလ (၁၆) ရက်တွင် ကြေညာလာနိုင်သည်ဟု သိရသည်။

ဆွီဒင်အာဏာရပါတီ Swedish Social Democratic Party ကလည်း NATO အဖွဲ့ဝင်ဖြစ်ရေး မေလ (၁၅) ရက်နေ့တွင် ထောက်ခံကြောင်း ပြောခဲ့သည်။

ရုရှားနိုင်ငံက ဖင်လန်နှင့် ဆွီဒင် နှစ်နိုင်ငံလုံးကို NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည့်ကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သည်ဟုလည်း ဆိုသည်။

သို့သော် ဖင်လန်နိုင်ငံ၏ သမ္မတ Sauli Niinisto နှင့် ဝန်ကြီးချုပ် Sanna Marin တို့က ၎င်းတို့ နိုင်ငံအနေဖြင့် NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် အချိန်မဆွဲဘဲ လျှောက်ထားရမည်ဟု မေလ (၁၂) ရက်နေ့တွင် သဘောထားထုတ်ပြန် ပြောကြားခဲ့ပြီး မေလ (၁၅) ရက်နေ့တွင်မူ NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည်ဟု သမ္မတက Sauli Niinisto က အတည်ပြုလိုက်ခြင်း ဖြစ်သည်

ထိုအတောအတွင်း ဖင်လန်အပါအဝင် ‌Nordic နိုင်ငံများကို NATO အဖွဲ့ဝင်အဖြစ် လက်ခံခြင်းမပြုရန် တူရကီနိုင်ငံက ကန့်ကွက်လာမှုအပေါ် တူရကီသမ္မတ Tayyip Erdogan နှင့် ဆွေးနွေးရန်အသင့်ရှိကြောင်းလည်း ဖင်လန်သမ္မတက ပြောသည်။

Nordic နိုင်ငံများက အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုများကို NATO အဖွဲ့ဝင် တူရကီက ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည်ဟု ဆိုသည်။

တူရကီ၏ ရပ်တည်ချက်ပြောင်းလဲမှုအပေါ် နည်းနည်းစိတ်ရှုပ်မိကြောင်း ဖင်လန်သမ္မတ Sauli Niinisto က ပြောသည်။

"ကျွန်တော်တို့ အခုလိုတာက အလွန်ရှင်းလင်းတိကျတဲ့ အဖြေတစ်ခုပါ။ သူပြောခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး သမ္မတ Tayyip Erdogan နဲ့ ဆွေးနွေးမှုအသစ်တစ်ခုလုပ်ဖို့ ကျွန်တော် ပြင်ဆင်ထားပါတယ်" ဟု ဖင်လန်သမ္မတက ဆိုသည်။

NATO အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမည့်ကိစ္စကို မေလ (၁၆) ရက်တွင် ဖင်လန်နိုင်ငံ လွှတ်တော်၌ ဆွေးနွေးသွားမည်ပြီး လွှတ်တော်အမတ် အများစုက NATO အဖွဲ့ဝင်ဖြစ်ရေးကို ထောက်ခံကြောင်း ၎င်းတို့၏ သဘောထားကို ပြသထားပြီးဖြစ်ကြောင်းလည်း သိရသည်။

NATO အထွေထွေအတွင်းရေးမှူး Jens Stoltenberg ကလည်း အဖွဲ့ဝင်နိုင်ငံ ထပ်တိုးမည့်လုပ်ငန်းစဥ်မှာ ချောမွေ့မြန်ဆန်လိမ့်မည်ဖြစ်ပြီး ဖင်လန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမည်ဟု ဆိုသည်။

ရုရှားအစိုးရနှင့် သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်ကတော့ "NATO အဖွဲ့ဝင်တိုးချဲ့ခြင်းက ဥရောပတိုက်ကို ပိုမို တည်ငြိမ်လုံခြုံစေမှာ မဟုတ်ပါဘူး" ဟု သတင်းထောက်များကို မေလ (၁၂) ရက်နေ့တွင် ပြောခဲ့သည်။

ဖင်လန်နိုင်ငံက မိုင် (၈၀၀) ကျော် ရှည်လျားသည့် နယ်နမိတ်ထိစပ်နေသော ရုရှားနိုင်ငံနှင့် ခက်ခဲသည့်အတိတ်ကာလရှိခဲ့ပြီး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ North Atlantic Treaty Organization (NATO) နှင့် ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း တိုးမြှင့်လာခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားဒေသ တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်နောက်ပိုင်း ဖင်လန်က NATO ၏ မိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံရေးတည်ဆောက်ခဲ့သည်။

 

Source: BBC, Reuters