ထိုင်း - မြန်မာ နယ်စပ် ထိုင်းဘက်တွင် လိုက်ဖမ်း၍ စွန့်ပစ်ထားခဲ့သည့် ကားတစ်စီးပေါ်က စိတ်ကြွရူးသွပ်ဆေးပြား (၆)သန်းကို  သိမ်းဆည်းရမိ

ထိုင်း - မြန်မာ နယ်စပ် ထိုင်းဘက်တွင် လိုက်ဖမ်း၍ စွန့်ပစ်ထားခဲ့သည့် ကားတစ်စီးပေါ်က စိတ်ကြွရူးသွပ်ဆေးပြား (၆)သန်းကို  သိမ်းဆည်းရမိ
By Mr John

 ထိုင်း - မြန်မာ နယ်စပ်ဒေသမှ မူးယစ်ဆေးဝါးပမာဏ အမြောက်အမြားကို  ထိုင်းနိုင်ငံ မြောက်ပိုင်း မယ့်ဖလုံဒေသမှတစ်ဆင့် မှောင်ခိုသယ်ဆောင်လာမည်ဟု သတင်းရရှိပြီးနောက် ထိုင်းစစ်တပ်နှင့် နယ်မြေခံ ရဲတပ်ဖွဲ့က စောင့်ကြည့်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုက စွန့်ပစ်ထားခဲ့သော ပစ်ကပ်ထရပ်ကားတစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၆) သန်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ Pha Muang တပ်ဖွဲ့မှ စစ်သားများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်  မယ့်ကျန်း ခရိုင်ရှိ လမ်းကြောင်းများကို စောင့်ကြည့်စစ်ဆေးရန် ၂၀၂၃ခုနှစ် မတ်လ (၂) ရက် မွန်းလွဲပိုင်းတွင် ဖြန့်ကျက်ချထားခဲ့သည်။ 

ထို့နောက် မွန်းလွဲ (၃) နာရီခန့်တွင် ချင်းမိုင် လိုင်စင်နံပါတ်ပြား တပ်ဆင်ထားသည့်   ပစ်ကပ်ထရပ်ကားတစ်စီး မယ့်ကျန်း ခရိုင်သို့ ဦးတည် မောင်းနှင်လာသည်ကို တွေ့ရှိခဲ့ရသည်။

အရာရှိများက ထိုပစ်ကပ်ထရပ်ကားကို ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း ယာဥ်မောင်းက အရှိန်မြှင့်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

စစ်သားများနှင့် ရဲတပ်ဖွဲ့က ထိုကားနောက်သို့ လိုက်ခဲ့ကြပြီး နောက်ဆုံးတွင် ပစ်ကပ်ထရပ်ကားကို Huai Nam Rak ကျေးရွာတွင် စွန့်ပစ်ထားခဲ့သည်ကို တွေ့ရသည်။ 

ပူးပေါင်းအဖွဲ့က ကားအတွင်းရှာဖွေခဲ့ကြရာ ဓာတ်မြေဩဇာအိတ် (၃၀) ကို တွေ့ရှိရပြီး တစ်အိတ်စီတွင် စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀,၀၀၀) ပါဝင်ကြောင်းနှင့် စုစုပေါင်း ဆေးပြား (၆) သန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Source: Bangkok Post