လာအိုနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်ရာ ဒေသတွင် မြန်မာ (၁,၀၀၀)ကျော်  Quarantine ဝင်နေရပြီး စားရေးသောက်ရေး အဆင်မပြေ ဖြစ်နေ

လာအိုနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်ရာ ဒေသတွင် မြန်မာ (၁,၀၀၀)ကျော်  Quarantine ဝင်နေရပြီး စားရေးသောက်ရေး အဆင်မပြေ ဖြစ်နေ

မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားနေထိုင်ရာ လာအိုနိုင်ငံအတွင်း ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ မြန်မာရွာ(ရခိုင်ရွာ)တွင် နေထိုင်သူများအား COVID 19 စစ်ဆေးမှုလုပ်နေပြီး  ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့အထိ စုစုပေါင်း လူဦးရေ (၁၀၀၀) ကျော်ကို Quarantine Center ပို့ထားရာ စားသောက်ရေး အခက်အခဲကြုံနေရကြောင်း သိရသည်။

Q တဲ့လူနည်းတုန်းက ကုမ္ပဏီဘက်က ထမင်းကျွေးတာ ကောင်းတယ်။ တစ်နေ့ကို ဟင်းက (၃) မျိုးပါတယ်။ မနက်စာကို ဆန်ပြုတ်နဲ့ ကြက်ဥ(၁) လုံး ကျွေးတယ်။ ကုမ္ပဏီဘက်က အခု အဲ့လို မကျွေးတော့ဘူး။ မနက်စာကို ထမင်းမပါတော့ဘူး။ ကြက်ဥ (၂) လုံးပဲ ကျွေးတော့တယ်။ နေ့လည်စာကို ထမင်းနဲ့ဟင်းတစ်မျိုးနဲ့ပဲ

ဟု လာအိုရောက်မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

လူဦးရေများလာသည်နှင့်အမျှ အစားအသောက် အဆင်မပြေဖြစ်လာသည့်အပြင် အချို့နေရာများတွင် ထမင်းအချိန်မှန် မစားရတော့ဘဲဖြစ်လာသည်ဟု သိရပြီး ကုမ္ပဏီဝန်ထမ်းများကိုမူ တစ်ဦးလျှင် ယွမ် (၂၀၀) ကောက်ခံ၍ ကောင်းမွန်စွာ ကျွေးမွေးသည်ဟုလည်း သတင်းများထွက်နေခြင်းဖြစ်သည်။

အခုက အောက်ပိုင်းမှာ တာဝန်ယူထားတဲ့ မြန်မာတွေက အဓိက  စီမံနေတာ။ သူဌေးမက အားလုံး အမြန်အားရှိဖို့လိုတယ်။ ကောင်းကောင်းမွန်မွန် ချက်ကျွေး။ လိုတာပြောလို့ ပြောထားပြီးသား လို့ကြားထားရပြီးသား။ အဲဒါကို သူတို့ ကုန်တာလည်း မဟုတ်ဘဲ ဖြစ်သလို ကျွေးတယ်။ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း စေတနာမထားဘူး။ လူမိုက်ဆန်ဆန် အရမ်းလုပ်တယ်။ ဒီမှာနေရတာက အကျဉ်းသားတွေထက်တောင် ပိုဆိုးနေသလိုပဲ။ နေ့လည်စာနဲ့ ညစာ လာပို့ရင်လည်း အချိန်မမှန်ဘူး။ ကောင်းကောင်းမွန်မွန် မကျွေးနိုင်ရင် ခုလို Q မထားနဲ့ပေါ့။ ခုက ဘယ်လိုတွေလုပ်နေလဲ မသိဘူး။ ကိုဗစ် စည်းကမ်းတောင် နားလည်ရဲ့လားမသိဘူး

ဟု Quarantine ပို့ခံရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၃)ရက်နေ့တွင် ပြောသည်။

မြန်မာရွာ (ရခိုင်ရွာ)အတွင်းမှ COVID 19 သံသယရှိသူဟု ဆိုသူများကို Quarantine Center (၄) ခုသို့ ပို့နေသော်လည်း COVID 19 ပိုးတွေ့သူရှိ၊ မရှိကို ထုတ်ပြန်ခြင်း၊ အသိပေးခြင်း မရှိသည့်အပြင် မည်သည့်အတွက် Quarantine ပို့ခံရသည်ကို ပြောကြားခြင်း မရှိကြောင်း သိရသည်။

ရခိုင်ရွာဘက်မှာ A၊ B၊ C၊ D ဆိုပြီး အပိုင်းလေးပိုင်း ရှိတယ်။ သူ့တစ်ပိုင်း တစ်ပိုင်းကို လူနှစ်ထောင်ကျော်လောက် ရှိတယ်။ တစ်ပိုင်းဆီ လူနှစ်ထောင်ကျော်လောက်ကို တန်းစီပြီး အာခေါင်ကို ဂွမ်းစလေးတွေထိုးပြီး စစ်တယ်။ အဲလိုစစ်ပြီးရင်‌ နောက်နေ့ကျရင် သူတို့က အိမ်နံပါတ်ဘယ်လောက် ဘယ်သူ Q (Quarantine)၊ ဘယ်သူ Q ဆိုပြီး လာခေါ်သွားတာပဲ။ သူတို့ပြောတာ သံသယလို့ပြောတာပဲ။ သံသယဆိုသူတွေကလည်း ကျန်းကျန်းမာမာတွေပဲ။ တစ်ချို့ဆို နှစ်လကျော်ပြီ ပြန်မလာရသေးဘူး။ နောက် Q ဝင်နေရသူတွေက ထမင်းလည်း ပြည့်ပြည့်စုံစုံမစားရဘူး အဲဒီလိုပြောတယ်။ ကျွန်တော်တို့ အရင်ကြားဖူးတာက သံသယဆိုရင် နှစ်ပတ် ဒါမှမဟုတ် သုံးပတ်ဆိုရင်လက္ခဏာတွေပြလာပြီ။ အခုက ဟိုမှာ သူတို့က ကျန်းကျန်းမာမာပဲ။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

မည်သည့်အတွက်ကြောင့် Quarantine Center ပို့ခံရမှန်းမသိဘဲ ရောက်လာသူ ထောင်နှင့်ချီ၍ရှိလာချိန်တွင် အစားအသောက် အခက်အခဲအပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း အခက်အခဲဖြစ်ရသည်ဟု သိရသည်။

 

အိမ်သာက မြောင်းကြီးလုပ်ပေးထားတယ်။ အကုန်လုံး အဲဒီမှာ သွားရတယ်။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

 

ယင်းအပြင် Quarantine Center ပို့ခံရသူများ အနေဖြင့် ကာလမည်မျှ နေထိုင်ရမည်ကိုလည်း သတ်မှတ်ထားခြင်း မရှိဘဲထားရာ နေအိမ်များကို ကာလရှည်ကြာပစ်ထားခဲ့ရပြီး ကျေးရွာအတွင်း လုံခြုံရေးစောင့်ရှောက်မှုလည်းမရှိသဖြင့် quarantine ဝင်နေသူများ၏နေအိမ်များ ဖေါက်ထွင်းခံရမှုများလည်း ရှိနေသည်ဟု သိရသည်။

ဒီမှာနေရတာက ရက်က ဘယ်နှစ်ရက်နေရမယ် မပြောဘူး။ သူတို့ လာစစ်တယ်။ လာစစ်တဲ့အခါ ဆေးမအောင်ဘူးဆိုပြီး ဆက်နေဖို့ပြောတယ်။ ဆေးအောင်တာ၊ မအောင်တာ ဘာကိုပြောတာလဲ မသိဘူး။ ခုလို လာနေရတော့ အစားအသောက်က အဆင်မပြေသလို ရွာထဲက အိမ်ကိုလည်း စိတ်မချဘူး။ အိမ်တွေ တော်တော်များများ ဖောက်ခံနေရတယ်။ ကျွန်တော်တို့ရွာထဲက လူတွေက ဘယ်မှာသွားတာ လာတာမရှိဘူး။ ဒီလူတွေပဲမို့ ကိုဗစ်မရှိဘူး။ ရှိလည်း သူတို့ပဲ ခိုးသွင်းနေတာ အဲ့က လာတာတွေပဲ ဖြစ်မှာပေါ့။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

လာအို ရွှေတြိဂံစီးပွားရေးအထူးဇုန် လုပ်ကိုင်ခွင့်ရ ကျင်မှုမြင့်ကုမ္ပဏီက မြန်မာရွှေ့ပြောင်းလုပ်သားများအား COVID 19 စစ်ဆေးခြင်းနှင့် Quarantine Center တွင် ထားရှိစဉ် နေထိုင်စားသောက်စရိတ်များကို ကုမ္ပဏီက အခမဲ့ ပံ့ပိုးပေးထားသည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

 ယနေ့အချိန်ထိ ရွှေတြိဂံဇုန်အတွင်း COVID 19 အတည်ပြုလူနာတွေ့ရှိမှုနှင့် Quarantine Center ပို့သည့် သံသယရှိသူသတ်မှတ်ချက်များနှင့်ပတ်သက်၍  ကုမ္ပဏီအနေဖြင့် ဖြေကြားပေးရန် တာချီလိတ်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။