တာချီလိတ်ခရိုင်အနီးရှိ RCSS  ၏ လွိုင်ကော်ဝမ်းတပ်စခန်း ဝန်းကျင်ရှိ ဒုက္ခသည်စခန်းကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လက်နက်ကြီးဖြင့် ဒုတိယနေ့ ထပ်မံ ပစ်ခတ်

တာချီလိတ်ခရိုင်အနီးရှိ RCSS  ၏ လွိုင်ကော်ဝမ်းတပ်စခန်း ဝန်းကျင်ရှိ ဒုက္ခသည်စခန်းကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လက်နက်ကြီးဖြင့် ဒုတိယနေ့ ထပ်မံ ပစ်ခတ်
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အနီး မြန်မာ - ထိုင်းနယ်စပ်မှ RCSS/SSA ၏ လွိုင်ကော်ဝမ်းတပ်စခန်းအနီးရှိ ဒုက္ခသည်စခန်းကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့ ညနေ (၃)  နာရီဝန်းကျင်က လက်နက်ကြီးဖြင့် ဒုတိယနေ့အဖြစ် ထပ်မံပစ်ခတ်လာရာ ဒုက္ခသည်များအတွက် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သိရသည်။

ဒီညနေကပဲ နောက်ထပ် လက်နက်ကြီးနဲ့ထပ်ပစ်တယ်။ တစ်လုံးကတော့ ဒုက္ခသည်နေအိမ်အနားထိ ကျတယ်ဆိုတော့ စိုးရိမ်စရာတော့ ဖြစ်တယ်။ နယ်စပ်တလျှောက်မှာက ဒုက္ခသည်စခန်း (၆) ခုလောက်ရှိနေတယ်

ဟု RCSS/SSA မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ဧပြီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် အတည်ပြုပြောကြားသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က တာချီလိတ်ခရိုင်အနီး မြန်မာ- ထိုင်းနယ်စပ်မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ လွိုင်ကော်ဝမ်းတပ်စခန်းဘက်ကို ဧပြီလ (၁၈) ရက်နေ့ ညနေပိုင်းကလည်း လက်နက်ကြီးဖြင့် (၃) ချက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်ဘက်မှ ထွက်ပြေးသူကို လိုက်လံပစ်ခတ်သည်ဟုလည်း ဆိုသည်။

ယင်းနောက် ဧပြီလ (၁၉) ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးဖြင့် (၂) ချက်ထပ်မံပစ်ခတ်ရာ လွိုင်ကော်ဝမ်းတပ်စခန်းအနီးမှ စစ်ဘေးရှောင်ဒုက္ခသည်များ နေထိုင်ရာကျေးရွာသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ယင်းကဲ့သို့ ပစ်ခတ်မှုမှာ နယ်စပ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စိုးရိမ်ဖွယ်ဖြစ်နေခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်နေရာမှာ မြန်မာ - ထိုင်း နယ်စပ်ဘက်တွင်ဖြစ်နေ၍ ပစ်ခတ်မှုကြောင့် ထိုင်းဘက်လုံခြုံရေးထိခိုက်မှုမရှိစေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ဆောင်ရန်နှင့် စစ်ဘေးဒုက္ခသည်များ ဝင်ရောက်လာပါကလက်ခံရေးအတွက် နယ်မြေခံစစ်တပ်ကို ထိုင်းစစ်တပ်က ညွှန်ကြားထားကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်တလျှောက်ရှိ RCSS/SSA တပ်စခန်းအားလုံးကို တိုက်ခိုက်မည်ဟု အာဏာသိမ်းစစ်တပ်က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ခြားကော်မတီထံ မတ်လ (၃၀) ရက်နေ့က အသိပေးထားခဲ့ကြောင်းလည်း သိရသည်။



 Tachileik News Agency

 

ဆက်စပ်သတင်း

တာချီလိတ်ခရိုင်အနီး RCSS ၏ လွယ်ကော်ဝမ်းအနီးတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

မြန်မာ - ထိုင်းနယ်စပ်အနီးတွင် မြန်မာအာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းဘက်က နယ်စပ်လုံခြုံရေး တိုးမြှင့်

အာဏာသိမ်းစစ်တပ်က မြန်မာ - ထိုင်းနယ်စပ်ရှိ RCSS/SSA နှင့် တိုက်ပွဲဖြစ်နိုင်ဖွယ်ရှိကြောင်း TBC ချင်းချိတ်ဆက် အကြောင်းကြား