တာချီလိတ်မြို့၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ (၁၁)တွင် ကျင်းပမည်

တာချီလိတ်မြို့၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ (၁၁)တွင် ကျင်းပမည်
နိုဝင်ဘာ 5, 2019
By Tachileik News Agency
တာချီလိတ်မြို့၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို 
နိုဝင်ဘာ (၁၁)တွင် ကျင်းပမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လတ်တလောတွင် ပဒေသာပင် (၉၉)ခုရှိထားပြီး စတုဒီသာလှူဒါန်းကျွေးမွေးလိုသူများလည်း ပါဝင်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

 "နိုဝင်ဘာလ (၁၀)ရက်နေ့ ညပိုင်းမှာတော့ မနှစ်ကလိုပဲ ရှမ်းရိုးမကွင်းထဲမှာ ပဒေသာပင်တွေကို အများပြည်သူ ကြည့်ရှုနိုင်အောင် ပြသထားမှာဖြစ်သလို အလှဆုံးအသပ်ရပ်ဆုံး ပဒေသာပင် (၃)ပင်ကိုလည်း ဆုပေးသွားဖို့ရှိပါတယ်။ နောက်နေ့ (၁၁)ရက်နေ့ မနက်ပိုင်းမှာတော့ အရင်နှစ်တွေက သွားနေကျ လမ်းကြောင်းအတိုင်း ရှမ်းရိုးမကွင်းကနေ အဝိုင်းပတ် အဲဒီကနေ ရွှေတိဂုံဘုရားပေါ်ကို ပဒေသာပင်လှည့်မှာ ဖြစ်ပါတယ်။ ဘုရားပေါ်မှာ ရေစက်ချမယ်။ တရားနာမယ်။ ပြီးတော့မှ ပဒေသာပင်တွေကို မဲဖောက်ပြီးတော့ ဘုန်းကြီးကျောင်းတွေကို လှူမှာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စုပေါင်းမဟာဘုံကထိန်အတွက် ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာရုံးများနှင့် လှူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များက ပဒေသာပင်ပေါင်း (၉၉)ပင် လှူဒါန်းရန် စာရင်းပေးထားကြပြီး ပဒေသာပင်များကို နိုဝင်ဘာလ (၁၀)ရက်နေ့ ည(၆)နာရီမှ (၈)နာရီအထိ ရှမ်းရိုးမကွင်းအတွင်း၌ အများပြည်သူ ကြည့်ရှုနိုင်ရန် ခင်းကျင်းပြသထားမည်ဖြစ်ကာ ပဒေသာပင်များထဲမှ အလှပဆုံး ပဒေသာပင် (၃)ပင်ကို ဆုချီးမြှင့်မည်ဖြစ်သည်။

"(၁၀)ရက်နေ့ ညပိုင်းမှာ ပဒေသာပင်တွေကို လာကြည့်မယ့် ပြည်သူတွေနဲ့ (၁၁)ရက်နေ့ နေ့လယ် ဘုရားပေါ် လာကြမယ့်သူတွေကို စတုဒီသာကျွေးမွေးပေမဲ့ အလှူရှင်တွေရှိရင်လည်း ဖိတ်ခေါ်ချင်ပါတယ်။ လောလောဆယ်တော့ (၁၀)ရက်နေ့ ညပိုင်းအတွက်ကတော့ လောလောဆယ် ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပေါင်းပြီးတော့ စတုဒီတာလှူဒါန်းဖို့ ရှိပါတယ်။ တခြားအလှူရှင်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အလှူရှင်တွေအတွက် နေရာစီစဉ်ပေးထားမှာ ဖြစ်ပါတယ်"ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

တာချီလိတ်တွင် ပထမဆုံးအကြိမ်ကျင်းပမည့် တန်ဆောင်တိုင်မီးမျှောပွဲ၊ မီးပုံပျံပွဲတို့နှင့် စုပေါင်းဘုံကထိန်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ကို အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက ခရိုင်၊ မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်း၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net