အာဏာသိမ်းစစ်တပ်က မြန်မာ - ထိုင်းနယ်စပ်ရှိ RCSS/SSA နှင့် တိုက်ပွဲဖြစ်နိုင်ဖွယ်ရှိကြောင်း TBC ချင်းချိတ်ဆက် အကြောင်းကြား

အာဏာသိမ်းစစ်တပ်က မြန်မာ - ထိုင်းနယ်စပ်ရှိ RCSS/SSA နှင့် တိုက်ပွဲဖြစ်နိုင်ဖွယ်ရှိကြောင်း TBC ချင်းချိတ်ဆက် အကြောင်းကြား

မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် RCSS/SSA တို့ကြား တိုက်ပွဲများဖြစ်နိုင်ကြောင်း ထိုင်းဘက်ရှိ နယ်ခြားကော်မတီထံ အကြောင်းကြားထားသည်ဟု ထိုင်းအခြေစိုက် သတင်းဌာနများတွင် ဖေါ်ပြထားသည်။

ယင်းကဲ့သို့ သတင်းများထွက်လာချိန်တွင် မတ်လ (၃၁) ရက်နေ့က စစ်တပ်က တစ်လတာအပစ်ရပ်မည်ဟုလည်း ကြေညာလာသည်ကို တွေ့ရသည်။



အာဏာသိမ်းစစ်ကောင်စီ၏ ဥက္ကဌဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့် ကျိုင်းတုံသို့ မတ်လ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့များက ရောက်လာပြီးနောက် စစ်တပ်နှင့် တပ်တွင်းမိသားစုများက တိုက်ပွဲအတွက် ပြင်ဆင်မှုများလုပ်ဆောင်နေကြသည်ဟုလည်း သတင်းများထွက်နေခြင်းဖြစ်သည်။



ရှမ်းပြည်နယ်အရှေ့ပိုင်ဒေသအတွင်း မြန်မာ - ထိုင်း နယ်စပ်တလျှောက်ရှိ RCSS/SSA အခြေစိုက်စခန်းများကို စစ်တပ်ကတိုက်ခိုက်ဖွယ်ရှိကြောင်းကို မြန်မာဘက်ခြမ်းရှိ နယ်ခြားကော်မတီက ထိုင်းဘက်ခြမ်းရှိ နယ်ခြားကော်မတီထံ မတ်လ (၃၀) ရက်နေ့က သတင်းပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။



ယင်းအပြင် နယ်စပ်တလျှောက်တွင် စစ်တပ်လေယာဉ်ပျံသန်းမှုများကိုလည်း တွေ့လာရပြီး တိုက်ပွဲဖြစ်ပါက ထိုင်းနိုင်ငံအတွင်းထိ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်စေရေးကို ထိုင်းနိုင်ငံဘက်က သတိပေးထားကြောင်း သိရသည်။



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးနေသည့်အဖွဲ့ဖြစ်ပြီး ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့် လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းမှုများ လုပ်လာချိန်တွင် ပြည်သူနှင့်အတူ ရပ်တည်မည်ဟု သဘောထားကြေညာချက်ထုတ်ထားသည့်အဖွဲ့ဖြစ်သည်။



တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ KIA၊ RCSS/SSA၊ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် AA၊ TNLA နှင့် MNDAA တို့က စစ်တပ်အနေဖြင့် ပြည်သူလူထုအား အင်အားသုံး အကြမ်းဖက်နှိမ်နှင်းခြင်းလုပ်ပါက ပြည်သူနှင့်အတူ ရပ်တည်မည်ဟု အသီးသီး သဘောထားကြေညာချက်ထုတ်ထားသော်လည်း ရှမ်းပြည်နယ်တွင်းအခြေစိုက်သည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် UWSA အပါအဝင် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မည်သည့်သဘောထားကြေညာချက်မှ ထုတ်ပြန်ခြင်းမရှိသေးသည်ကို တွေ့ရသည်။



စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ မတ်လ (၃၀) ရက်နေ့အထိကာလအတွင်း နိုင်ငံတဝန်းမှ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်မဲ့ပြည်သူ (၅၀၀) ကျော်မှာ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတို့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပြီး ထောင်နှင့်ချီ၍ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။