အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ပုံမှန် ပြန်လည်ထိတွေ့ဆက်ဆံရန် အချိန်မတန်သေးဟု စင်ကာပူ ပြောကြား

ဝါရှင်တန်ဒီစီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Balakrishnan တို့ ဇွန်လ (၁၆)ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ
ဝါရှင်တန်ဒီစီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Balakrishnan တို့ ဇွန်လ (၁၆)ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ
အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ပုံမှန် ပြန်လည်ထိတွေ့ဆက်ဆံရန် အချိန်မတန်သေးဟု စင်ကာပူ ပြောကြား
By Mr John

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအပေါ်  အာဏာသိမ်းစစ်အုပ်စုနှင့် အဆင့်မြင့်အစည်းအဝေးများ ပုံမှန် ပြန်လည်ပြုလုပ်ရန် အချိန်မတန်သေးကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် ပြောသည်။

 ထိပ်သီးအစည်းအဝေး ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတစ်ခုခုမှာ စစ်အုပ်စုနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အချိန်မတန်သေးဘူးလို့ ကျွန်တော်တို့ ယူဆထားပါတယ်

 ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

စစ်တပ်ထိန်းချုပ်ထားသော ထိုင်းနိုင်ငံ၏ ယာယီအစိုးရက မြန်မာစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံကို အဆိုပြုထားသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ယာယီအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနှင့် ပတ်သက်၍ ဇွန်လ (၁၈) ရက်နေ့တွင် အလွတ်သဘော အစည်းအဝေးတစ်ရပ် ပြုလုပ်ရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားထားခြင်းဖြစ်သည်။

ဘန်ကောက်မြို့တွင် ပြုလုပ်မည့် အဆိုပါအစည်းအဝေးသို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားက တက်ရောက်မည်မဟုတ်ဟု ငြင်းဆန်ထားပြီး ကမ္ဘောဒီးယားအစိုးရကမူ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်ဟု ဆိုသည်။ 

အာဆီယံခေါင်းဆောင်များက ၎င်းတို့၏ ရပ်တည်ချက်များကို မကြာသေးမီက ထပ်မံအတည်ပြုခဲ့ကြောင်း ဝါရှင်တန်ဒီစီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း  စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Balakrishnan က ဆိုသည်။

စစ်တပ်အာဏာသိမ်းမှုနဲ့ လက်ရှိဖြစ်ပွားနေတဲ့ အရပ်သားတွေကို အကြမ်းဖက်မှု၊ နိုင်ငံတွင်း မတည်ငြိမ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နောက်ကြောင်းပြန်မှုနှင့် စီးပွားရေးအပေါ် ကြီးကြီးမားမား ထိခိုက်မှုတို့ကို ကျွန်တော်တို့ ရှုံ့ချပါတယ်

 ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ပြောခဲ့သည်။

 ကံမကောင်းစွာနဲ့ပဲ အခုဆိုရင် (၂) နှစ်ကျော်လာပါပြီ။ တိုးတက်မှု လက္ခဏာတွေ မတွေ့ရသေးပါဘူး။ ကျွန်တော်တို့အားလုံး မြန်မာစစ်အုပ်စုကို သင့်တော်တဲ့ ဖိအားပေးမှု ဆက်လုပ်ဖို့နဲ့ အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အလွန်အရေးကြီးပါတယ်။

 ဟု Balakrishnan က ဆိုသည်။



Source: AFP