တာချီလိတ်မြို့ လွယ်တော်ခမ်းသွားရာလမ်း မယ်ဆိုင်ချောင်းဘေးကျူးကျော်နေထိုင်သူများကို မြေနေရာပြန်ပေးရေး ပြည်နယ်ခွင့်ပြုချက်စောင့်ဆိုင်း

တာချီလိတ်မြို့ လွယ်တော်ခမ်းသွားရာလမ်း မယ်ဆိုင်ချောင်းဘေးကျူးကျော်နေထိုင်သူများကို မြေနေရာပြန်ပေးရေး ပြည်နယ်ခွင့်ပြုချက်စောင့်ဆိုင်း
နိုဝင်ဘာ 21, 2019
By Tachileik News Agency
တာချီလိတ်မြို့ လွယ်တော်ခမ်းသွားရာလမ်း မယ်ဆိုင်ချောင်းဘေးကျူးကျော်နေထိုင်သူများကို 
မြေနေရာပြန်ပေးရေး ပြည်နယ်ခွင့်ပြုချက်စောင့်ဆိုင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နှင့် လွယ်တော်ခမ်းအကြားရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပြီးမြေနေရာပြန်လည်ချထားပေးရေးအတွက် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်စောင့်ဆိုင်းနေရကြောင်း သိရသည်။

"ကျွန်တော်က မြေအစားထိုးပေးဖို့ ဘယ်နေရာတွေရှိတယ်ဆိုတာ ပြောထားပြီးပြီ။ ဌာနဆိုင်ရာတွေကတင်ပြပေးရမှာ။ အဲဒီနေရာတွေက ရွာမြေမဟုတ်တဲ့အတွက် ရွာမြေဖြစ်အောင်အရင်တင်ရမှာ။ ကျလာပြီဆိုမှ စီမံခန့်ခွဲရမှာပေါ့။ ပြန်သိမ်းရမယ့်မြေနေရာတွေလည်း စာရင်းရှိထားပြီးသား။ ရွာမြေဖြစ်အောင်အရင်လျှောက်ရမှာ"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအတွင်းရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်နေထိုင်မှုများမှာ ပြည်နယ်အစိုးရအဖွဲ့ဝင် ၏ ညွှန်ကြားချက်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ကွင်းဆင်းစစ်ဆေး သတိပေး တားမြစ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် တွေ့ဆုံမှုများဆက်လက်ဆောင်ရွက်ခဲ့ပြီး ကျူးကျော်နေထိုင်သူများ နစ်နာမှုမရှိစေရန် မြေနေရာအစားထိုးပေးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"Town Plan က တင်ထားပြီးပြီ။ ချောင်းဘေးက ကျူးတွေကိုနေရာချထားပေးဖို့လည်းပါတယ်။ အချို့နေရာတွေမှာပြန်ချပေးမှာပေါ့။ ပြည်နယ်အစိုးရအဖွဲ့ကိုတင်ထားတာကြာပြီ။ ပြည်နယ်က စာပြန်မလာသေးဘူး"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမကြီးဘေးရှိ အမှတ် (၃၁၆) ခြေမြန်တပ်ရင်းမှပြန်လည်စွန့်လွတ်သည့် ဧက (၆၀၀) ပေါ်တွင် Town Plan ရေးဆွဲတင်ပြထားပြီး ယင်းနေရာတွင် မယ်ဆိုင်ချောင်းဘေးကျူးကျော် နေထိုင်သူများအတွက် မြေနေရာပြန်လည်ချထားပေးရန်စီစဉ်နေပြီး အဆိုပါမြေနေရာမှာ ရွာမြေအမည်ပေါက်မရှိ့သည့်အတွက် သတ်မှတ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြထားကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအတွင်းရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်ဆောက်လုပ်မှုများမှာ ၂၀၁၅ ခုနှစ်မှစတင်များပြားလာပြီး ၂၀၁၉ ခုနှစ်တွင် အိမ်ခြေ (၄၀) ကျော်အထိ တိုးလာကာ ချောင်းအတွင်းထိပါ မြေဖို့၍ အဆောက်အဦးများ တိုးချဲ့နေကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း - 

  1. {TV} ကျူးကျော်ထဲမှာ ပါနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို စံပြအဖြစ် ဖယ်ရှားသွားမည်
  2. {TV} တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာထဲက ကျူးကျော်များ ရွာမြေတွင် နေထိုင်ခွင့် လျှောက်ထားရမည်
  3. တာချီလိတ်မြို့ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးရှိ ကျူးကျော်များနေထိုင်သည့်  နေရာကို စည်ပင်နယ်နိမိတ်အတွင်း ထည့်သွင်းမည်
  4. တာချီလိတ်မြို့ ပုန်းထွန် နှင့် လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေး တွေ့ဆုံဆွေးနွေးနေ
  5. တာချီလိတ်မြို့ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများ ဖယ်ရှားရေး (၅)ကြိမ်မြောက် ခေါ်ယူတွေ့ဆုံ
  6. တာချီလိတ်မြို့နယ် ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်ထဲ ပါဝင်နေသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို စံပြအနေဖြင့် စတင်ဖယ်ရှားမည်
  7. တာချီလိတ်မြို့ ပုန်းထွန်-လွယ်တော်ခမ်းသွားရာ မယ်ဆိုင်ချောင်းဘေး ကျူးကျော်သူများ ရွာမြေသတ်မှတ်မည့်နေရာတွင် နေထိုင်ခွင့်အတွက် လျှောက်ထားရယူရန် အကြံပြုထား