တာချီလိတ်မြို့ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးရှိ ကျူးကျော်များနေထိုင်သည့် နေရာကို စည်ပင်နယ်နိမိတ်အတွင်း ထည့်သွင်းမည်

တာချီလိတ်မြို့ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးရှိ ကျူးကျော်များနေထိုင်သည့် နေရာကို စည်ပင်နယ်နိမိတ်အတွင်း ထည့်သွင်းမည်
စက်တင်ဘာ 10, 2019
By Tachileik News Agency



ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မယ်ဆိုင်ချောင်းဘေး တလျှောက်မှ ကျူးကျော်များကို ဖယ်ရှားပြီးပါက စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ထည့်သွင်းကာ လမ်းပြုပြင်ခြင်းနှင့် ချောင်းဘေးတလျှောက် သာယာရေးတို့ကို စည်ပင်သာယာရေးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။

“ဒီလမ်းပိုင်းကို ပြည်နယ်ပို့ဆောင်ရေးဝန်ကြီးနဲ့ စည်ပင်ဝန်ကြီးတို့အဖွဲ့ စစ်ဆေးရင်း ချောင်းဘေးက ကျူးကျော်တွေ ရှင်းဖို့ပြောခဲ့တာပါ။ ဒီလမ်းပိုင်းက ပျက်စီးနေတော့ ဒီအပိုင်းကို စည်ပင်နယ်နိမိတ်ထဲထည့်ပြီး လမ်းတွပြေင်ပေးမယ်။ ဒါပေမဲ့ ကျူးကျော်တွေ ရှင်းပေးပြီးမှ စည်ပင်က တာဝန်ယူမှာဖြစ်တယ်”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းကျေးရွာအတွင်း လက်ရှိကျူးကျော်များနေထိုင်သည့်နေရာမှ လမ်းပိုင်းမှာ စည်ပင်နယ်နိမိတ်အတွင်း ထည့်သွင်းထားခြင်းမရှိသေးသည့်အပြင် လမ်းဦးစီးဌာနက တာဝန်ယူထားသည့် အပိုင်းတွင်လည်း မပါဝင်သဖြင့် နှစ်ကာလများစွာ လမ်းပြုပြင်နိုင်ခြင်းမရှိသေးသည့်အပိုင်းဖြစ်သည်။

“ဒီဘက်ကို စည်ပင်သာယာရေးနယ်နိမိတ်ထဲ ထည့်သွင်းပြီးတော့ လမ်းကို စည်ပင်သာယာရေးဌာနကနေ ပြုပြင်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ချောင်းဘေးတလျှောက် သန့်ရှင်းသာယာလှပရေးကိုလည်း စည်ပင်နဲ့ပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

အဆိုပါ နေရာရှိ မယ်ဆိုင်ချောင်းဘေး ဝဲယာတလျှောက်တွင် ၁၉၉၈ ခုနှစ်ကတည်းက ၂၀၁၈ ခုနှစ်အထိ ကာလအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် လူနေအိမ်၊ ခြံဝန်းများ ကျူးကျော်လာကြသည့်အပြင် မယ်ဆိုင်ချောင်းအတွင်း မြေဖို့တည်ဆောက်မှုများပါ လုပ်ဆောင်လာကြသဖြင့် ကျူးကျော်များ ရှင်းလင်းရေးအတွက် ပြည်နယ်အစိုးရက တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီသို့ ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net