တာချီလိတ်မြို့ရှိ ကိုးမြို့ရှင်နတ်နန်းအတွင်းမှ ဆိုင်ကယ်ခိုးယူခံရမှု ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည်မှာ နှစ်ပတ်ကြာသည်အထိ မဖမ်းမိသေး

တာချီလိတ်မြို့ရှိ ကိုးမြို့ရှင်နတ်နန်းအတွင်းမှ ဆိုင်ကယ်ခိုးယူခံရမှု ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည်မှာ နှစ်ပတ်ကြာသည်အထိ မဖမ်းမိသေး
အောက်တိုဘာ 22, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ကိုးမြို့ရှင်နတ်နန်းသို့ လာရောက်သူတစ်ဦး၏ ဆိုင်ကယ်တစ်စီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့က ခိုးယူခံရသဖြင့် CCTV မှတ်တမ်း နှင့်အတူ နတ်နန်းနှင့် မနီးမဝေးရှိ ရဲစခန်းတွင် ချက်ချင်းတိုင်ကြားထားသော်လည်း နှစ်ပတ်ကြာသည်အထိ ဖမ်းမိခြင်းမရှိသေးကြောင်း သိရသည်။

ခိုးခံရသည့် ဆိုင်ကယ်

“ နတ်နန်းက CCTV မှာတွေ့ရတယ်။ သူတို့က ဗီဒီယိုဖိုင်တော့ မပေးဘူး။ ပုံတော့ပေးလိုက်တယ်။ အဲဒီနေ့က ချက်ချင်း ရဲကိုသွားတိုင်တာ။ ခုထိ မဖမ်းမိသေးဘူး။ ဘာမှလည်း ဆက်သွယ်မလာဘူး”ဟု ဆိုင်ကယ်ပိုင်ရှင်က Tachileik News Agency သို့ အောက်တိုဘာလ (၂၂) ရက်နေ့တွင် ပြောသည်။

အောက်တိုဘာလ (၅) ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင် လူငယ် (၂) ဦးက ဆိုင်ကယ်တစ်စီးဖြင့် နတ်နန်းအဝင်သို့ ရောက်လာပြီးနောက် လူငယ်တစ်ဦးက နတ်နန်းအတွင်းမှ Honda Wave I အမျိုးအစား အပြာရောင်ဆိုင်ကယ်ကို မောင်း၍ နှစ်ဦးလုံးပြန်ထွက်သွားသည်ကို CCTV မှတ်တမ်းတွင် တွေ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် ယခင်ကထက် ဆိုင်ကယ်ပျောက်မှု အကြိမ်ရေများလာသည့်အပြင် ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးနိုင်ခြင်းမရှိ၍ နေ့ညမရွေး အတင့်ရဲစွာ ခိုးယူလာကြသည်ကို တွေ့နေရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ခိုးယူခံရသည့်ဆိုင်ကယ်စီးရေ ရာနှင့်ချီ၍ရှိနေပြီဟု ခန့်မှန်းရပြီး တာချီလိတ်ရဲတပ်ဖွဲ့က ယင်းကာလအတွင်း တစ်ကြိမ်တိတိ ဆိုင်ကယ်သူခိုးဖမ်းဆီးမှုအဖြစ် အောက်တိုဘာလ (၂)ရက်နေ့မှ (၄) ရက်နေ့အထိ  ခိုးယူသူ (၂၁)ဦးအဖွဲ့အား ခိုးရာပါဆိုင်ကယ် (၁၈) စီးနှင့်အတူ ဖမ်းဆီးကာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့ပါဝင်သည့်အဖွဲ့ဖြင့် ခိုးရာပါဆိုင်ကယ်ကို ပိုင်ရှင်ထံ ပြန်အပ်ပေးခဲ့ကြသည်ကို တွေ့ရသည်။

သို့သော် ဖမ်းဆီးရမိသူထဲက အချို့မှာ ပြန်လည်လွတ်မြောက်သွားသည်ဟု သိရသည်။

 

 ဆိုင်ကယ်ခိုးယူခံရမှုများအား ရဲစခန်းတွင် တိုင်ကြားသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် အများစုက တိုင်ကြားခြင်းမပြုကြတော့ဘဲ ကိုယ်တိုင်ဖမ်းဆီးရေး ကြိုးစားလာကြရာ အောက်တိုဘာလ (၂၂) ရက်နေ့က ပါလျှံ(၃) ဈေးအနီး ဆိုင်ကယ်ခိုးမှုကို လူထုက ကိုယ်တိုင်ဖမ်းကာ ဆိုင်ကယ်ကို ပြန်ရအောင်ယူခဲ့ကြသည်ကို တွေ့ရသည်။

 

#TachileikNewsAgency