တာချီလိတ်မြို့ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများ ဖယ်ရှားရေး (၅)ကြိမ်မြောက် ခေါ်ယူတွေ့ဆုံ

တာချီလိတ်မြို့ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများ ဖယ်ရှားရေး (၅)ကြိမ်မြောက် ခေါ်ယူတွေ့ဆုံ
စက်တင်ဘာ 9, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေးအတွက် ကျူးကျော်နေထိုင်သူများကို လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က (၅) ကြိမ်မြောက်ခေါ်ယူတွေ့ဆုံမှုအဖြစ် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်ခဲ့သည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ မယ်ဆိုင်ချောင်းဘေးတွင် ချောင်းအတွင်းမြေဖို့ပြီး ကျူးကျော်ဆောက်လုပ်မှု များပြားလာသည့်အတွက် နေထိုင်သူများကို စနစ်တကျစာရင်းကောက်ယူပြီး မြို့နယ်စုပေါင်းရုံးတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက (၁၀) ဦးတစ်ဖွဲ့နှုန်းဖြင့် ဥပဒေကြောင်းရာများရှင်းလင်းပြောကြားမှုများလုပ်ဆောင်ခဲ့ပြီးနောက် ဖယ်ရှားပေးရေးအတွက် ယခုလို ခေါ်ယူပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒါနဲ့ဆို (၅) ကြိမ်မြောက်ရှိပါပြီ။ ကျွန်တော်တို့ခေါ်ပြီးတော့တွေ့ဆုံဆွေးနွေးတယ်။ ခေါ်ပြီးတော့ ပြောပြတယ်ပေါ့။ ဖယ်ရှားရမယ်ဆိုတဲ့အကြောင်း ပြောပြတာ (၅) ကြိမ်ရှိပါပြီ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဌာန၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မယ်ဆိုင်ချောင်းဘေးနေအိမ်ဆောက်လုပ်နေထိုင်သူများတက်ရောက်ခဲ့ကြသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း တာချီလိတ် - မိုင်းဆတ်သွား လမ်းမကြီးဘေး၊ မယ်ဆိုင်ချောင်းဘေးတွင် အဆောက်အဦးနှင့် မြေကွက်များရယူထားသူ (၆၄) ဦးရှိနပြေီး အမည်စာရင်းကောက်ယူရရှိသူ (၅၇) ဦးရှိခဲ့ရာတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်းနေထိုင်ခဲ့သူ (၁၀) ဦးသာ ပါဝင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net