တပ်မတော်က စစ်ဌာနချုပ်နယ်မြေ (၅)ခုတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားခြင်

တပ်မတော်က စစ်ဌာနချုပ်နယ်မြေ (၅)ခုတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားခြင်
နိုဝင်ဘာ 23, 2019
By Tachileik News Agency
တပ်မတော်က စစ်ဌာနချုပ်နယ်မြေ (၅)ခုတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားခြင်းကို (၅)ကြိမ်မြောက်အဖြစ်၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် သက်တမ်းထပ်တိုးလိုက်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့မှစ၍  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းခြင်းကို (၄)ကြိမ်တိုင်တိုင် သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဌာနချုပ်နယ်မြေများတွင် ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် မေလ (၁) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ၊ တတိယအကြိမ်အဖြစ် ဇူလိုင်လ (၁) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့အထိ၊ စတုတ္ထအကြိမ်အဖြစ် စက်တင်ဘာလ (၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှစ၍ တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် AA၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့တို့က သြဂုတ်လ (၃၁)ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲအပြီး စက်တင်ဘာလ (၂)ရက်နေ့တွင် စက်တင်ဘာလ (၉)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ အပစ်အခတ်ရပ်ဆိုင်းကြောင်းကြေညာခဲ့ရာမှ ဒုတိယအကြိမ်ဆွေးနွေးပွဲအပြီး စက်တင်ဘာလ (၂၀)ရက်နေ့တွင် အပစ်အခတ်ရပ်ဆိုင်းခြင်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ထပ်တိုးလိုက်ကြောင်း ကြေညာထားခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့နှင့် စက်တင်ဘာလ (၁၇)ရက်နေ့များတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ NRPC နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် KIO/KI ၊ MNTJP/ MNDAA ၊ PSLF/TNLA ၊ ULA/AA တို့ တွေ့ဆုံပြီး အပစ်ရပ်ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net