လားရှိုးမြို့တွင် Covid-19 လူနာသစ် (၈)ဦးတိုး၍ ဇွန်လ၏ လဝက်အတွင်း (၇၀)ဦးအထိရှိနေ

Photo - Covid -19 Operation Team ( Lashio )
Photo - Covid -19 Operation Team ( Lashio )
လားရှိုးမြို့တွင် Covid-19 လူနာသစ် (၈)ဦးတိုး၍ ဇွန်လ၏ လဝက်အတွင်း (၇၀)ဦးအထိရှိနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ယနေ့ ဇွန်လ (၁၆)ရက်နေ့၌ (၉၁)ဦးအနက် (၈)ဦးတွင် Covid-19 ပိုးထပ်မံတွေ့ရှိ၍   ဇွန်လ၏ လဝက်အတွင်းပိုးတွေ့လူနာ စုစုပေါင်း (၇၀)ဦးရှိနေပြီး အဆိုပါ (၇၀)ဦးသည် လားရှိုးမြို့တွင် နေထိုင်သူ နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။ 

ဇွန်လ (၇)ရက်နေ့မှစ၍ လားရှိုးမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ လူနာတစ်ဦးအား မန္တလေးသို့ လွှဲပြောင်း ကုသခဲ့ရာ မန္တလေးတွင်စစ်ဆေးစဉ် အဆိုပါ လူနာ၌ Covid-19 ပိုးတွေ့ရှိ၍ ထိတွေ့သူများကို စစ်ဆေးရာမှ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

နောက်ပိုင်းတွင် ၎င်းလူနာနှင့် ဆက်စပ်သူများ၊ လောက်ကိုင် - လားရှိုး ခရီးသည်တင်ယာဉ်မောင်း အချို့နှင့် အသက် (၁၁)လအရွယ် ကလေးတစ်ဦး အပါအဝင် ဇွန်လ (၁၅)ရက်နေ့အထိ လားရှိုးမြို့၌ ပိုးတွေ့သူ စုစုပေါင်း (၅၈)ဦး၊ လားရှိုးမှ မန္တလေးသို့ သွားရောက်သူလူနာ  (၄)ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ထားသဖြင့် ၆၂ ဦးထိဖြစ်ခဲ့ရာ ဇွန်လ (၁၆)ရက်နေ့တွင် ရရှိသည့်အဖြေအရ  (၈)ဦးထပ်တိုးသဖြင့် စုစုပေါင်း (၇၀)ဦး ရှိသွားခြင်း ဖြစ်သည်။ 

လားရှိုးမြို့မဈေးရှိ ဈေးကော်မတီရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ထားသဖြင့် အဆိုပါ ကော်မတီရုံးကို ယာယီပိတ်ထားပြီး မြို့မဈေးအတွင်းရှိ ဈေးဆိုင်အချို့လဲ ပိတ်ထားကြသည်ဟု သိရသည်။

Covid-19 ရောဂါပိုးတွေ့ရှိသူများကို Quarantine ထားရှိရာ နေရာအသီးသီးမှတဆင့် လားရှိုးပြည်သူ့ဆေးရုံရှိ  သီးသန့်ကုသဆောင်သို့ လားရှိုးမြို့ Covid-19 Operation Team နှင့် လူမှုကူညီရေးအသင်းများက ကူညီပို့ဆောင်ပေးနေကြရသည်ဟု သိရသည်။