ကျောက်မဲမြို့တွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်းအဖွဲ့က နေအိမ်များကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှု ဆက်တိုက် လုပ်နေ

ကျောက်မဲမြို့တွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်းအဖွဲ့က နေအိမ်များကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှု ဆက်တိုက် လုပ်နေ
ဧပြီ 14, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ယခုရက်ပိုင်းအတွင်း ဧပြီလ(၁၄)ရက်နေ့အထိ အာဏာသိမ်းအဖွဲ့က နေ့စဉ်နှင့်အမျှ  နေအိမ်များကိုဝင်၍ ဖမ်းဆီးမှုများလုပ်နေပြီး မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို မသိရသလို မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိကြရကြောင်း သိရသည်။

ဒီလေးငါးရက် အတွင်း အဖမ်းအဆီးများနေတာ။ ဘာမှမလုပ်တဲ့ မဆိုင်တဲ့သူတွေကိုပါ ဖမ်းနေတာ။ ရှုပ်နေတာပဲ။ သူတို့လာဖမ်းတဲ့သူ မတွေ့ရင်လည်း ငွေတွေ၊ ဖုန်းတွေလည်း သိမ်းသွားတာတွေလည်း ရှိတယ်။ တော်တော်များများကို ဖမ်းနေတာ

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းအဖွဲ့က လိုက်လံဖမ်းဆီးရာတွင်  ထိုးကြိတ် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လူအချို့ကို နေအိမ်လိုက်ပြခိုင်း၍ ရှာဖွေသည်ကိုလည်း တွေ့ရကြောင်း သိရသည်။

ညပိုင်းအချိန်များ၌ အာဏာသိမ်းအဖွဲ့က လိုက်လံဖမ်းဆီးမှုများ လုပ်နေပြီး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူမှာ အမျိုးသား၊ အမျိုးသမီး (၆)ဦးထက်မနည်းရှိနေသည်ဟု သိရှိထားပြီး သတင်းမရသည့် ဖမ်းဆီးခံရမှုများလည်းရှိနိုင်သည်ဟု ကျောက်မဲဒေသခံအချို့ထံမှ သိရသည်။

#TachileikNewsAgency