နမ့်ဖတ်ကာကို KIA ထိန်းချုပ်ပြီး မိုင်းရှင်းလင်းရေးလုပ်နေ၊ ဒေသခံများ မိုင်းအန္တရာယ်ကြောင့် ပြန်မလာနိုင်သေး

နမ့်ဖတ်ကာကို KIA ထိန်းချုပ်ပြီး မိုင်းရှင်းလင်းရေးလုပ်နေ၊ ဒေသခံများ မိုင်းအန္တရာယ်ကြောင့် ပြန်မလာနိုင်သေး
ဇန်နဝါရီ 29, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပြီဖြစ်ပြီး မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်ဖတ်ကာတွင် တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်(၉၀)ကျော် ပျက်စီးကာ ပန်ဂျရောပ်နှင့် ဇီဒဘန်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အများဆုံးပျက်စီးသွားပြီး လက်ရှိတွင် KIA တပ်များက မိုင်းရှင်းလင်းနေသဖြင့် မိုင်းအန္တရာယ်ကြောင့် ဒေသခံများအား ပြန်မလာခိုင်းသေးဟု သိရသည်။

"တည်ငြိမ်နေပြီလို့ ပြောနိုင်ပေမယ့် စကစဘက်က ပြေးတဲ့သူတွေကို အကုန်မဖမ်းမိသေးဘူးလေ။ အခုက တစ်ချက်၊ နှစ်ချက်လောက်ပဲ ပစ်တော့တယ်။ လေကြောင်းက လာမပစ်တော့ဘူး။ ပြည်သူတွေတော့ မပြန်ကြသေးဘူး။ မိုင်းရှင်းတုန်းမို့ ပြန်လာခိုင်းတဲ့အချိန်မှ ပြန်လာဖို့ပြော တယ်။ နည်းနည်းပါးပါးပဲ အိမ်ပြန်သွားကြည့်ကြတာတော့ရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

သိမ်းပိုက်ထားသည့် ခလရ(၁၂၃)တပ်အတွင်း KIAတပ်များက မိုင်းရှင်းလင်းရေးလုပ်စဉ် ဇန်နဝါရီလ (၂၇)ရက်နေ့က KIA တပ်သားတစ်ဦး မိုင်းနင်းမိကာ ခြေထောက်တဖက် ပြတ်သွားသည်ဟုလည်း သိရသည်။

"ပြန်လို့မရသေးဘူး။ မိုင်းရှင်းရဦးမယ်ဆိုတော့။ လက်နက်ကြီးကလည်း ရွာထဲကျထားတာ မပေါက်သေးဘူး။ အဲလိုလက်နက်တွေရှိ နေတယ်။ လမ်းလယ်မှာ မပေါက်သေးဘဲ စိုက်နေတာ။"ဟု ‌ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က ဒေသခံတချို့ နေအိမ်သို့ပြန်လာစဉ် ပစ်ချခံရသည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်အပိုင်းအစများကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများကဆိုသည်။ 

နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ စခန်းများအား KIAမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၉)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ရဲစခန်း၊ ခလရ(၄၅)ရှေ့တန်းစခန်း၊ ခလရ(၁၂၃) လုံခြုံရေးကာကင်းစခန်း (၄)ခုအထက်ကို KIAက သိမ်းယူခဲ့ကာ ခလရ(၁၂၃) တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ခလရ(၁၂၃) အထိုင်တပ်ရင်းသည် ရဟတ်ယာဥ်ကွင်း (၂)ခုပါရှိပြီး စစ်ကောင်စီတပ်ဘက်က စခန်းမကျစေရေး လေကြောင်းမှ ပစ်ကူပေးခဲ့ရာ တိုက်လေယာဉ်တစ်စီးကို KIAက ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency