ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAA ထပ်မံသိမ်းပိုက်

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAA ထပ်မံသိမ်းပိုက်
နိုဝင်ဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ် ကောင်စီတပ်စခန်းတစ်ခုကို MNDAAက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သိန္နီမြို့နယ်တွင်လည်း နိုဝင်ဘာလ (၂၉)ရက်နေ့က စစ်ကောင်စီတပ်၏ စစ်ကူတပ်များအား တားမြစ်နိုင်ရန် လားရှိုးနှင့် သိန္နီ ဆက်သွယ်ထားသော တံတားကို ဖြတ်တောက်ခဲ့ပြီးနောက် ယနေ့တွင် MNDAAနှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး သိန္နီခရိုင်၊ သန်လွင်အုပ်စုတွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် (၃)ကြိမ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် (၁၀)လုံးသည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ တာရွှေထန်ရွာအုပ်စု၊ နန်ကော်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံအရပ်သား (၂)ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလတလျှောက် ကိုးကန့်အထူးဒေသ(၁)နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား (၃၈)ဦး သေဆုံးခဲ့ရပြီး (၁၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ယနေ့အထိ စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အသေး စုစုပေါင်း (၁၈၆)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ထို့အပြင် ချင်း‌ရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်းကြမ်းစသည့် မြို့နယ်(၅)ခုကို သိမ်းပိုက်ရရှိခဲ့သည့်အပြင် ချင်းရွှေ‌ဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစန်းကျော်နေရာရှိ နယ်စပ်ဂိတ် (၄)ခုကိုလည်း ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : The Kokang