ပြည်သူ့ခုခံကာကွယ်စစ်ကြေညာပြီးနောက် ယာယီသမ္မတ ဒူဝါလရှီးလ၏ လားရှိုးနေအိမ်ကို အာဏာသိမ်းအဖွဲ့ ခြံစည်းရိုးကျော် ဝင်ရောက်ရှာဖွေ

အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ
ပြည်သူ့ခုခံကာကွယ်စစ်ကြေညာပြီးနောက် ယာယီသမ္မတ ဒူဝါလရှီးလ၏ လားရှိုးနေအိမ်ကို အာဏာသိမ်းအဖွဲ့ ခြံစည်းရိုးကျော် ဝင်ရောက်ရှာဖွေ
စက်တင်ဘာ 9, 2021 | ရှမ်းမြောက်

စစ်အာဏာရှင်၏ အကြမ်းဖက်မှုကြောင့် ပြည်သူ့ခုခံကာကွယ်စစ် စတင်ပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် NUG က ကြေညာလိုက်ပြီးနောက် ယင်းနေ့မှာပင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရှိ ယာယီသမ္မတ ဒူဝါလရှီးလ၏နေအိမ်ကို အာဏာသိမ်းအဖွဲ့က ခြံစည်းရိုးကျော်တက် ဝင်ရှာကြသည်ဟု သိရသည်။

ခြံဝန်းတံခါးသော့ခတ်ထားသည့် နေအိမ်အတွင်းသို့ စက်တင်ဘာလ (၇) ရက်နေ့ည (၁၁) နာရီဝန်းကျင်တွင် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ခြံစည်းရိုးကျော်တက်ဝင်ရောက်ကြသည်ကို တွေ့ရပြီး ဖမ်းဆီးခံရသူရှိ/မရှိကို အတည်မပြုနိုင်ကြောင်း ဒေသခံများကို ကိုးကား၍ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖေါ်ပြထားသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းမှုကို လက်မခံသည့်ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုကို ဆက်တိုက်လုပ်နေသဖြင့် ပြည်သူလူထုအနေဖြင့် ခုခံကာကွယ်စစ် စတင်နေပြီဟု စက်တင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုသို့  ပြောကြားသည့် အရေးပေါ်မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး နိုင်ငံအား အရေးပေါ်ကြေညာထားခြင်း ဖြစ်သည်။

NUG က ယင်းကဲ့သို့ ကြေညာခြင်းမှာ သင်္ကြန်အမြောက်ပစ်ခြင်းသာဖြစ်သည်ဟု အာဏာသိမ်းအဖွဲ့က ယင်းနေ့မှာပင် သတင်းထုတ်ပြန်ချက်ဖြင့် ပြန်လည်ချေပခဲ့သော်လည်း ကြေညာချက်ထွက်ချိန်မှစ၍ အာဏာသိမ်းတပ်၏ လှုပ်ရှားမှုများကို နိုင်ငံတဝန်းတွေ့ခဲ့ရပြီး ဧည့်စာရင်းစစ်ခြင်း၊ အိမ်ခန်း/တိုက်ခန်းပိုင်ရှင်များကို ငှားရမ်းသူများအား တာဝန်ယူခိုင်းခြင်းစသည်တို့ကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။