ရှမ်းပြည်နယ်တွင်း ကုန်စည်ပို့ဆောင်ရေးမှလွဲ၍ ယာဉ်လိုင်းများပြေးဆွဲခြင်း ဟိုတယ်၊ တည်းခိုခန်းများနှင့် အများပြည်သူဆိုင်ရာ နေရာများအားလုံး (၁၅)ရက်ကြာ ကန့်သတ်ပိတ်ပင်မည်

ရှမ်းပြည်နယ်တွင်း ကုန်စည်ပို့ဆောင်ရေးမှလွဲ၍ ယာဉ်လိုင်းများပြေးဆွဲခြင်း ဟိုတယ်၊ တည်းခိုခန်းများနှင့် အများပြည်သူဆိုင်ရာ နေရာများအားလုံး (၁၅)ရက်ကြာ ကန့်သတ်ပိတ်ပင်မည်
ဧပြီ 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း ကုန်စည်ပို့ဆောင်ရေးမှလွဲ၍ ယာဉ်လိုင်းများပြေးဆွဲခြင်း ဟိုတယ်၊ တည်းခိုခန်းများနှင့် အများပြည်သူဆိုင်ရာ နေရာများအားလုံး (၁၅)ရက်ကြာ ကန့်သတ်ပိတ်ပင်မည်

ရှမ်းပြည်နယ်တွင်း ကုန်စည်ပို့ဆောင်ရေးမှလွဲ၍ ကျန်ယာဉ်လိုင်းများ ပြေးဆွဲခြင်း၊ ခရီးသွားလာခြင်း၊ ဟိုတယ်၊ တည်းခိုခန်းများနှင့် အများပြည်သူဆိုင်ရာ နေရာများအားလုံး ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့မှ (၂၁) ရက်နေ့အထိ ယာယီပိတ်ထားကြရန်နှင့် ဖြစ်နိုင်သမျှ နေအိမ်တွင်နေရန် ကန့်သတ်လိုက်သည်။

COVID 19 ရောဂါ ကူးစက်ပျံ့ပွားမှုဖြစ်မလာစေရေး အတွက် ကာကွယ်ခြင်းလုပ်ငန်းကို ဂရုပြုဆောင်ရွက်ရမည် ဖြစ်၍ အဆိုပါ တားမြစ်ချက်များကို ဧပြီလ (၆)ရက်နေ့ ည (၁၂)နာရီတိတိမှ  ဧပြီလ (၂၁)ရက်နေ့ ည (၁၂နာရီတိတိ အထိ သက်ရောက်စေရန် အမိန့်ထုတ်ပြန်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 “ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအားလုံး ရပ်ရမယ်။ ရှမ်းပြည်နယ်တွင်းက ပြည်သူတွေ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဆေးကုသရန်နှင့် နာရေးကိစ္စမှလွဲ၍ အခြားကိစ္စများအတွက် ခရီးသွားလာလိုပါက မိမိနေထိုင်ရာမြို့နယ်က COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီရဲ့ ထောက်ခံချက်ရယူပြီးမှ သွားဖို့၊ နောက် စားသောက်ကုန်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ စက်သုံးဆီများ မပြတ်လပ်စေရေးအတွက် ကုန်စည်ပို့ဆောင်ရေး ဆက်လက် ဆောင်ရွက်ဖို့၊ ဟိုတယ်၊ တည်းခိုခန်းတွေ ပိတ်ထားဖို့၊ ကစားကွင်း၊ ပန်းခြံ၊ ရေတံခွန်စတဲ့ အများပြည်သူ နေရာများအပြင် အများပြည်သူ သွားလာနိုင်တဲ့ အခြားနေရာများ အားလုံး ပိတ်ထားဖို့ပါတယ်”ဟု Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၄)ရက်နေ့တွင် ပြောသည်။

အထက်ပါ အချက်များအပြင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန်ကိုလည်း Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပြည်နယ်အဆင့် လုပ်ငန်းကော်မတီက ပြည်သူများသို့ ပန်ကြားထားပြီး ကန့်သတ်ချက်များကို အမိန့် ထုတ်ပြန်နိုင်ရေးအတွက် အမျိုးသားအဆင့်ကော်မတီသို့ ဧပြီလ (၄)ရက်နေ့တွင် တင်ပြထားကြောင်း သိရသည်။

COVID 19 အဆုတ်ရောင်ရောဂါသည် ထိတွေ့မှုမှတစ်ဆင့် ကူးစက်သည့်အပြင် လေထုမှလည်း (သာမန်စကားပြောရုံဖြင့်ကူးစက်နိုင်) ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြု ကြေညာလိုက်ပြီဖြစ်၍ ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် မိမိနေအိမ်တွင်သာ နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိစေခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်ဖြစ်၍ ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်လာကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကန့်သတ်လိုက်သည့်နေရာများအတွင်း ကစားကွင်း၊ ပန်းခြံ၊ ဘာသာအသီးသီး၏ ဘာသာရေး အဆောက်အဦ၊ စေတီပုထိုးစသည့် အများပြည်သူဆိုင်ရာနေရာများကို သွားလာခွင့်ကန့်သတ်ခြင်းလည်း ပါဝင်မည် ဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

ဆက်စပ်သတင်း

ရှမ်းပြည်နယ်တွင်း ခရီးသွားလာခြင်းနှင့် လုပ်ငန်း၊နေရာအချို့ ယာယီပိတ်ပင်မည့် တားမြစ်မိန့် ထုတ်ပြန်တော့မည်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~