ဟိုပုံးမြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦးတွေ့သည်ဟု ဆိုသော်လည်း အသိပညာပေးခြင်းနှင့် ဆက်လက်စစ်ဆေးခြင်းများမရှိ၍ ဒေသခံများက လုပ်ကြံမှုတခုဟု ယူဆနေ

နေအိမ်ရှေ့လမ်းအား အသွားအလာကန့်သတ်ထားစဉ်
နေအိမ်ရှေ့လမ်းအား အသွားအလာကန့်သတ်ထားစဉ်
ဟိုပုံးမြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦးတွေ့သည်ဟု ဆိုသော်လည်း အသိပညာပေးခြင်းနှင့် ဆက်လက်စစ်ဆေးခြင်းများမရှိ၍ ဒေသခံများက လုပ်ကြံမှုတခုဟု ယူဆနေ
ဇွန် 13, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဟိုပုံးမြို့တွင် ဇွန်လ(၁၁)ရက်နေ့က Covid-19 စစ်ဆေးတွေ့ရှိရသည့် (၃)ဦး နှင့် ပတ်သက်၍ Covid-19 တွေ့ရှိရခြင်းမှာ ဒေသတွင်း တည်ငြိမ်ရန် သတင်းထုတ်လွှင့်ခြင်းဖြစ်နိုင်ကြောင်း  ဒေသခံများက သံသယဖြစ်နေကြကြောင်း သိရသည်။

နေအိမ်အား အသွားအလာကန့်သတ်ထားစဉ်

ဟိုပုံးမြို့  မြို့ဦးရပ်ကွက်၊ သီရိမင်္ဂလာလမ်းနေ Non CDM ဆရာမ တစ်ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိပြီးနောက် ၎င်း၏ ညီမဖြစ်သူတို့တွင်လည်း Covid-19 တွေ့ရှိရခြင်း ဖြစ်၍ နေအိမ်နမှင့် လမ်းကို အဝင်အထွက် အသွားအလာ ကန့်သတ်ထားလိုက်ကြောင်း သိရသည်။

ပထမဆုံးတွေ့တာက တောင်ကြီးမှာ သူ့အမျိုးသား၊ ပထမဆုံးစစ်လို့ တွေ့တယ်ဆိုပြီးမှ ဟိုပုံးက မိသားစုဝင်တွေကို ခေါ်စစ်လိုက်တာ။ သူ့တို့အိမ်ကို အဝင်အထွက်ရှိတဲ့ ဆရာမ(၁)ယောက်နဲ့ဆို အားလုံးပေါင်း (၄)ယောက်ပါ။ ဟိုပုံးမှာက Covid-19 (၃)ဦးတွေ့တယ်၊ အဲ့ဒါ ပြည်သူတွေက ဆေးရုံအုပ်၊ ထွေအုပ် နဲ့ စကစတွေ ပေါင်းပြီး လုပ်ကြံတယ်လို့ သတင်းထွက်နေတယ်ဗျ။ နိုင်ငံရေးလှည့်ကွက်နဲ့ ပြည်သူတွေ ထိတ်လန့်အောင် တော်လှန်ရေးတွေ ဖရိုဖရဲဖြစ်အောင် လုပ်ကြံပြီး သတင်းလွှင့်တယ်လို့ ကြားတယ်ဗျ

ဟု ဟိုပုံးဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၃)ရက်နေ့တွင် ပြောသည်။

ပိုးတွေ့သည်ဟုဆိုသည့် ဆရာမများမှာ ကျောင်းတက်နေသူများဖြစ်သည့်အတွက် အမှန်တကယ် Covid-19 ရှိပါက ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူများအထိပါ ကူးစက်နိုင်မည်ဖြစ်သော်လည်း ဆက်လက်စစ်ဆေးခြင်းများ အပြင် ဟိုပုံးမြို့တွင်း ပညာပေးမှု လုပ်ဆောင်သည်များမှုရှိ၍ ပို၍သံသယဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။

'သူတို့ကသာ လမ်းတွေ ပိတ်ထားတာ။ အဲ့လမ်းမှာက စားသောက်ဆိုင်မရှိ၊ ဘီယာဆိုင်မရှိ၊ လူနေ ထူထပ်ပြီး သွားလာမှုများတဲ့ နေရာမဟုတ်ဘူး။ ခုကြတော့ ဘီယာဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ နဲ့ လူသွားလာများတဲ့ ဈေးတို့ မြို့လယ်ခေါင်တို့မှာ ဘာအသိပညာပေးမှု ကာကွယ်မှုတွေ ဘာမှ မလုပ်ကြတော့ ပြည်သူတွေက မေးခွန်းထုတ်နေကြပြီ

ဟု ၎င်းက ဆက်လက် ပြောပြသည်။

ဟိုပုံးမြို့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေသူများရှိနေ၍ ညစဉ် စစ်ဆေးမှုများ၊ စောင့်ကြည့် ဖမ်းဆီးမှုများ နှင့် နည်းမျိုးစုံဖြင့် ဆန့်ကျင်မှုများရှိနေသည့်အတွက် တည်ငြိမ်ရန် ယင်းကဲ့သို့ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာများက Covid-19 နှင့် ပတ်သက်၍ ရှင်းလင်းခြင်း အသိပညာပေးခြင်းများ မရှိကြောင်း သိရသည်။