ရှမ်းပြည်နယ်တွင်း ခရီးသွားလာခြင်းနှင့် လုပ်ငန်း၊နေရာအချို့ ယာယီပိတ်ပင်မည့် တားမြစ်မိန့် ထုတ်ပြန်တော့မည်

ရှမ်းပြည်နယ်တွင်း ခရီးသွားလာခြင်းနှင့် လုပ်ငန်း၊နေရာအချို့ ယာယီပိတ်ပင်မည့် တားမြစ်မိန့် ထုတ်ပြန်တော့မည်
ဧပြီ 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း ခရီးသွားလာခြင်းနှင့် လုပ်ငန်း၊နေရာအချို့ ယာယီပိတ်ပင်မည့် တားမြစ်မိန့် ထုတ်ပြန်တော့မည်

ရှမ်းပြည်နယ်အတွင်း COVID 19 ထိန်းချုပ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့မှ (၂၁)ရက်နေ့အထိ အများပြည်သူ ဆိုင်ရာနေရာများ၊ လူစုဝေးရာလုပ်ငန်းများ ယာယီပိတ်သိမ်းခြင်းနှင့် အသွားအလာကန့်သတ်ခြင်းအမိန့် ထုတ်ပြန်ရန်ပြင်ဆင်နေပြီဖြစ်သည်။

“ပဲခူးက မိသားစု case မှာဆို မိသားစုလိုက် ကူးစက်တာရှိလာတယ်။ ဆိုလိုတာက Local Transmission ရှိတဲ့ပုံစံဖြစ်လာပြီပေါ့နော်။ ဒါကြောင့် ဒီရောဂါနဲ့ပတ်သက်လို့ ပိုပြီတင်းတင်းကြပ်ကြပ်လုပ်ရမယ့် လုပ်ငန်းတွေလည်း ပေါ်လာတာပေါ့။ ပေါ်လာတဲ့အခါကျတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်အနေနဲ့ လုပ်မှာက ဧပြီလ (၇)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ ယာဉ်အသင်းတွေ ပြေးဆွဲခွင့် ရပ်နားချင်တယ်။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အဲဒီရက်အတွင်း ပိတ်စေချင်တယ်။ ဝန်ထမ်းတွေလည်း မိသားစု နာရေး၊ ကျန်းမာရေးကလွဲလို့ ခရီးထွက်ခွာခွင့် မပြုဖို့။ အကြောင်းအမျိုးမျိုးကြောင့် ယာဉ်အသင်းတွေ တစ်မြို့ကနေ တစ်မြို့ထွက်ခွာခွင့် ပြုဖို့ဆိုရင် သက်ဆိုင်ရာမြို့နယ် COVID ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီရဲ့ ထောက်ခံချက်ယူပြီးမှ ထွက်ခွာခွင့် ပြုခိုင်းမယ်ဆိုတဲ့ဟာမျိုး တင်လိုက်တယ်။ အဲဒါကျလာရင် တစ်ပြည်နယ်လုံးကို အမိန့်ထုတ်သွားမှာပေါ့” ဟု Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဧပြီလ(၄)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 အဆုတ်ရောင်ရောဂါသည် ထိတွေ့မှုမှ တစ်ဆင့် ကူးစက်သည့်အပြင် လေထုမှလည်း (သာမန်စကားပြောရုံဖြင့်ကူးစက်နိုင်) ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြု ကြေညာလိုက်ပြီဖြစ်၍ ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် မိမိနေအိမ်တွင်သာ နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိစေခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်ဖြစ်၍ ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်လာကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင်း ဧပြီလ (၄)ရက်နေ့အထိ  COVID 19 စောင့်ကြည့်သံသယလူနာပေါင်း (၁၀၅)ဦးအနက် အတည်ပြု (၁)ဦးတွေ့ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~