ရှမ်း - ကယားနယ်စပ် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ဝန်းကျင်သေပြီး လက်နက်ခဲယမ်းများ KNDF သိမ်းဆည်း

ရှမ်း - ကယားနယ်စပ် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ဝန်းကျင်သေပြီး လက်နက်ခဲယမ်းများ KNDF သိမ်းဆည်း
By Tachileik News Agency

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့၊ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင် တပ်စွဲရန်ကြိုးစားနေသော အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ယနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် တိုက်ပွဲထပ်ဖြစ်ကာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေပြီး လက်နက်၊ ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်နှင့် မနက်ပိုင်းကတည်းကစ၍ တစ်နေကုန်နီး ပါး KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ (၂၀)ဦးကျော်သေပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကာ ပူးပေါင်းတပ်ဖက်မှ ရဲဘော် (၂)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များအား ကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်အချို့ ကိုင်ဆောင်ခဲ့သော လက်နက်များထဲမှ MA-1 သေနတ် (၁)လတ် ၊ MA-3 သေနတ် (၂)လက် ၊ RPG သီးများ ၊ (၆၀)မမအသီများ ၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရယူခဲ့သည်ဟုသိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော အာဏာသိမ်းစစ်ကောင်စီတပ်က တစ်နေ ကုန်နီးပါး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကာ ညနေပိုင်းတွင်လည်း တိုက်လေယာဥ်ဖြင့် (၂)ကြိမ်လာရောက်ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ရကြောင်း သိရသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာလ (၈)ရက်နေ့စ၍ ယနေ့ထိ (၄)ရက် ကြာ တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ကြသေးရန် ပြည်သူများအား KA က သတိပေးထားသည်။