သျှမ်းပြည်ညီညွတ်ရေးကော်မတီ၏ (၈)နှစ်ကျော်ကာလအတွင်း လုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ရန် လုပ်ငန်းစဉ်များ ခေတ္တဆိုင်းငံ့မည်

သျှမ်းပြည်ညီညွတ်ရေးကော်မတီ၏ (၈)နှစ်ကျော်ကာလအတွင်း လုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ရန် လုပ်ငန်းစဉ်များ ခေတ္တဆိုင်းငံ့မည်
ဖေဖော်ဝါရီ 26, 2022 | နိုင်ငံရေး| ရှမ်းတောင်

ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အကောင်အထည်ဖေါ်ရန် လုပ်ဆောင်နေသည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)၏ ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများရှိနေ၍ ကော်မတီသက်တမ်း (၈)နှစ်ကျော်အကြာတွင် လုပ်ငန်းစဉ်များ ခေတ္တဆိုင်းငံ့မည်ဟု ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် RCSS က ထုတ်ပြန်သည်။

CSSU ၏ ရည်မှန်းချက်များအတိုင်း အဖွဲ့ဝင်များကြား ပူးပေါင်းလက်တွဲ၍ ရှေ့ခရီးကို အတူတကွချီတက်ရန် ခက်ခဲခြင်း၊ လက်ရှိပြဿနာများ ဖြေရှင်းရန်လိုအပ်ခြင်း၊ ကော်မတီ၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ပြင်ဆင်ရန် လိုအပ်ခြင်းတို့ကြောင့် ဆိုင်းငံ့ရခြင်းဖြစ်သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ကြေညာသည်။

 RCSS ၏ အမျိုးသားညီညွတ်ရေးပေါ်လစီဖြင့် CSSU ကို ရှမ်းပြည်နယ်တွင်းမှ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရာတွင် ထိုက်သင့်သလောက် တိုးတက်မှုမရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

#TachileikNewsAgency