သီပေါတွင် မိုင်းပေါက်ကွဲ၍ အကူအညီရှာသည့် နိုင်ငံခြားသူမှာ လက်နက်ကိုင်အဖွဲ့၏ခြောက်လှန့်ပစ်ခတ်ခြင်း ခံရ

သီပေါတွင် မိုင်းပေါက်ကွဲ၍ အကူအညီရှာသည့် နိုင်ငံခြားသူမှာ လက်နက်ကိုင်အဖွဲ့၏ခြောက်လှန့်ပစ်ခတ်ခြင်း ခံရ
နိုဝင်ဘာ 26, 2019
By Tachileik News Agency
သီပေါတွင် မိုင်းပေါက်ကွဲ၍ အကူအညီရှာသည့် နိုင်ငံခြားသူမှာ လက်နက်ကိုင်အဖွဲ့၏
ခြောက်လှန့်ပစ်ခတ်ခြင်း ခံရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊ ပန်ညောင်ကျေးရွာနှင့် ကွန်ဟောက်ကျေးရွာကြားတွင်၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်က  ဂျာမနီနိုင်ငံသား မိုင်းနင်းမိသဖြင့် အနီးဝန်းကျင်တွင် အကူအညီရှာဖွေရန်ကြိုးစားသည့် အာဂျင်တီးနားနိုင်ငံသူမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နက်ငယ်ဖြင့် (၅)ချက် ခြောက်လှန့်ပစ်ခတ်မှုဖြင့် ကြုံခဲ့ရကြောင်း သိရသည်။

ဂျာမနီနိုင်ငံသား Tim Geibler နှင့် အာဂျင်တီးနားနိုင်ငံသူ Maria Delcarmen Piombo တို့ (၂)ဦးမှာ တည်းခိုနေထိုင်ရာ သီပေါမြို့မှ ဆိုင်ကယ်ငှားပြီး နမ့်ဆန်မြို့သို့ သွားရောက်လည်ပတ်ရန် ဒေသခံလမ်းညွှန်မပါဘဲ နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်က ထွက်ခွာလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပန်ညောင်ကျေးရွာမှ ကွန်ဟောက်ကျေးရွာသို့အသွားတွင် လမ်းကြမ်းနေသဖြင့် Maria Delcarmen Piombo က ဆိုင်ကယ်မှ ဆင်းကာ လမ်းလျှောက်ပြီး Tim Geibler က ဆိုင်ကယ်မောင်းသွားစဉ် မိုင်းနင်းမိ၍ ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာများရရှိသွားသည့် Tim Geibler ကို ကူညီရန် အနီးဝန်းကျင်ကျေးရွာသို့ သွားရောက်သည့် Maria Delcarmen Piombo မှာ ကွန်ဟောက်ကျေးရွာအနီးရောက်ရှိစဉ် လက်နက်ကိုင်ထားသည့် အမျိုးသား (၆)ဦးအဖွဲ့နှင့် တွေ့ခဲ့ပြီး ၎င်းအား လက်နက်ငယ်ဖြင့် (၅)ချက် ခြောက်လှန့်ပစ်ခတ်ခြင်းကိုခံခဲ့ရကြောင်း သိရသည်။

အာဂျင်တီးနားနိုင်ငံသူ Maria Delcarmen Piombo က အိတ်ကိုပစ်ချပြီး လက်မြှောက်ထားလိုက်မှ လက်နက်ကိုင်ထားသည့် အဖွဲ့က အနားရောက်လာသဖြင့် မိုင်းပေါက်ကွဲထားကြောင်း လက်ဟန်ခြေဟန်ဖြင့် ရှင်းပြနေစဉ် ဘုန်းကြီးတစ်ပါး လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး ရောက်လာသဖြင့် အဆိုပါကားဖြင့် Tim Geibler ၏ အလောင်းကို ပန်ညောင်ရွာအထိ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပန်ညောင်ရွာတွင် နယ်စည်းမခြားပရဟိတအသင်း(သီပေါ)က လူနာတင်ယာဉ်ဖြင့် အလောင်းကို သယ်ဆောင်ပြီး သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tim Geibler နှင့် Maria Delcarmen Piombo တို့မှာ စေ့စပ်ထားသူများဖြစ်ပြီး ၎င်းတို့သည် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် တမူးလေဆိပ်မှ မန္တလေးသို့ ရောက်ရှိလာကာ မန္တလေးမှ အင်းလေးသို့ သွားရောက် လည်ပတ်ပြီးနောက် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် မန္တလေးမှတစ်ဆင့် သီပေါမြို့သို့ လာရောက် လည်ပတ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - နယ်စည်းမခြားပရဟိတအသင်း(သီပေါ)

ဆက်စပ်သတင်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~