စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီး (၆) ရက်မြောက်နေ့တွင် ကယားပြည်နယ်အစိုးရရုံး စာလုံးများအား ဖယ်ရှား၍ ဆေးသုတ်နေ

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီး (၆) ရက်မြောက်နေ့တွင် ကယားပြည်နယ်အစိုးရရုံး စာလုံးများအား ဖယ်ရှား၍ ဆေးသုတ်နေ
ဖေဖော်ဝါရီ 6, 2021 | နိုင်ငံရေး| ကယား

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီး (၆) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် ကယားပြည်နယ် အစိုးရရုံးဆိုင်းဘုတ်မှ စာလုံးများကို ဖယ်ရှားပြီး ဆေးသုတ်ခြင်းကို လုပ်ဆောင်နေကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့က နိုင်ငံတော်အာဏာအား မလွှဲမရှောင်သာ၍ သိမ်းဆည်းရခြင်း ဖြစ်ပြီး နိုင်ငံအား အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာကြောင်းနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။



ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဥက္ကဌအဖြစ် တာဝန်ယူသည့် ကောင်စီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီးနောက် နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးအဖြစ် လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး အဖြစ်လည်းကောင်း အမည်ပြောင်းလဲကြောင်း ဖေဖော်ဝါရီလ (၄) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။



ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးစာလုံးများကို ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် စတင်ဖယ်ရှားလိုက်ပြီး ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် စာလုံးဖြုတ်ထားသည့်နေရာအား ဆေးသုတ်ခြင်း လုပ်နေသည်ကို တွေ့ရသည်။



စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ငြိမ်းချမ်းသည့်နည်းဖြင့် ဆန္ဒထုတ်ဖေါ်ခြင်းများကို နိုင်ငံတစ်ဝန်းလုပ်နေပြီး စစ်တပ်ကလည်း အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းများ လုပ်ဆောင်နေသည်။

Tachileik News Agency

 

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။