သီပေါမြို့နယ်အတွင်း လည်ပတ်သည့် နိုင်ငံခြားသားနှစ်ဦး မိုင်းနင်းမိ၍ ဂျာမနီတစ်ဦး သေဆုံး

သီပေါမြို့နယ်အတွင်း လည်ပတ်သည့် နိုင်ငံခြားသားနှစ်ဦး မိုင်းနင်းမိ၍ ဂျာမနီတစ်ဦး သေဆုံး
နိုဝင်ဘာ 26, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊ ပန်ညောင်ကျေးရွာနှင့် ကွန်ဟောက်ကျေးရွာကြားတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် ဧည့်လမ်းညွှန်မပါဘဲ ဆိုင်ကယ်ဖြင့် လည်ပတ်သည့် နိုင်ငံခြားသားနှစ်ဦး မိုင်းနင်းမိ၍ ဂျာမနီနိုင်ငံသား အမျိုးသားမှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

“သူတို့က ဆိုင်ကယ်နဲ့ နှစ်ယောက်ထဲသွားတယ်။ လမ်းမှာ ဆိုင်ကယ်ရပ်ပြီး ဓါတ်ပုံရိုက်တဲ့အချိန် ဖြစ်သွားတယ်လို့ ကြားတယ်။ အခုတော့ ရဲစခန်းမှာ စစ်ဆေးနေတုန်းပါ။ ဖြစ်သွားတာက မိုင်းနင်းမိတာလား အပစ်ခံရတာလားဆိုတာကို သူတို့ကိုယ်တိုင် မဝေခွဲတတ်ဘူး ဖြစ်နေတယ်။ ကျန်ခဲ့တဲ့ အမျိုးသမီးက မေးနေတာကြားတာတော့ ငါတို့အပစ်ခံရတာလားလို့ မေးနေတာလည်း ကြားမိတယ်။ သိသလောက်တော့ သူတို့က ကလေး၊ တမူးဘက်က ဝင်လာတဲ့အဖွဲ့ကလို့ သိတယ်။ အခုဖြစ်တဲ့နေရာဘက်က နိုင်ငံခြားသားမပြောနဲ့ ကျွန်တော်တို့ ဒေသခံတွေကို မသွားရတဲ့ဒေသပါ”ဟု Hsipaw Hot News Group မှ ကိုစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ည (၇)နာရီကျော်တွင် ပြောသည်။

ဂျာမနီနိုင်ငံသား အမျိုးသားနှင့် အာဂျင်တီးနား နိုင်ငံသူတို့က ဆိုင်ကယ်ဖြင့် သီပေါမြို့မှ နမ့်ဆန်ဘက် အသွားလမ်းတလျှောက် သွားရောက်လည်ပတ်ရင်း သီပေါမြို့နှင့် မိုင်(၂၀)ခန့်အကွာရှိ ပန်ညောင်ကျေးရွာနှင့် ကွန်ဟောက်ကျေးရွာကြားတွင် လမ်းပေါ်၌ ဆိုင်ကယ်ရပ်ပြီး ဓါတ်ပုံရိုက်ကူးရန် တောထဲဆင်းသွားစဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်နေရာမှ သေဆုံးသူအမျိုးသားကို နယ်စည်းမခြားပရဟိတ(သီပေါ)အသင်းက သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး အသက်ရှင်ကျန်ခဲ့သည့် အာဂျင်တီးနားနိုင်ငံသူကို ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားများ သွားလာလည်ပတ်ခွင့်ပြုထားသည့် ဧရိယာများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ကန့်သတ်ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့်ဧရိယာများ၌ ဒေသခံများ မကြာခဏ မိုင်းနင်းမိ၍ အသက်သေဆုံးရမှု၊ ဒဏ်ရာရမှုများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~