တာချီလိတ်မြို့ ပါလကျေးရွာအတွင် အသက်(၇၃)နှစ်အရွယ် အမျိုးသားထံက မူးယစ်ဆေးနှင့် လက်နက် ဖမ်းမိ

တာချီလိတ်မြို့ ပါလကျေးရွာအတွင် အသက်(၇၃)နှစ်အရွယ် အမျိုးသားထံက မူးယစ်ဆေးနှင့် လက်နက် ဖမ်းမိ
နိုဝင်ဘာ 14, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊  တာချီလိတ်မြို့နယ်၊  ပါလကျေးရွာရှိ နေအိမ်တစ်လုံးကို တပ်မတော်က ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်းနှင့် ခြောက်လုံးပြူး သေနတ်တစ်လက်တို့ကို တွေ့ရ၍ အိမ်ရှင်ဖြစ်သူ အသက် (၇၃)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီး၍ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါလကျေးရွာရှိ အသက် (၇၃)နှစ်အရွယ် ဦးလော်ထူ (ခ) လော်ဟူ၏နေအိမ်အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ ည(၁၀)နာရီခွဲအချိန်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါနေအိမ်၏ အိပ်ခန်းအတွင်းမှ ခြောက်လုံးပြူးသေနတ် (၁) လက်၊ ဆာလာအိတ်အတွင်းမှ အဝတ်စဖြင့် ထုပ်ပိုးထားသည့် ဘိန်းစိမ်းအလေးချိန် (၅.၃) ကီလိုကို သိမ်းဆည်းရမိသဖြင့် အိမ်ရှင်လော်ထူနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေး၊ လက်နက်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃ဝ)တာချီလိတ် သို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လော်ထူ (ခ) လော်ဟူအား တာချီလိတ်မြို့မရဲစခန်းတွင်  မယ(ပ)၁၄၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၂(ခ)ဖြင့်  အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net